Sunday, August 28, 2011

အကြွေးကင်းမှ ရဟန်းခံရမှာလား

အမေး။ ။အရှင်ဘုရား လူတစ်ယောက်ဟာ သူများရဲ့ အကြွေးတွေ တင်နေပါတယ်။ သူက ရဟန်းလဲပြုချင်တယ်။ တပည့်တော်သိလိုတာက အကြွေးရှိရက်နဲ့ ရဟန်းခံလို့ ရ/မရ ဆိုတာပါဘုရား၊ ကရုဏာရှေ့ထား ဖြေကြားပေးတော်မူပါဘုရား။



စံမင်းအောင်

တိုက်ကြီး



အဖြေ။ ။ ဘုရားလက်ထက်က အကြွေးတင်နေတဲ့သူတစ်ယောက်ဟာ အကြွေးမဆပ်နိုင်လို့ဆိုပြီး ရဟန်းတွေထံမှာ ရဟန်းပြုခဲ့ပါတယ်။ အကြွေးရှင်တွေက လိုက်လာကြပြီး အကြွေးတင်နေတဲ့ရဟန်းကို ဖမ်းဖို့ လုပ်ကြတယ်။ အဲဒီမှာ အခြားသူများက “ဗိမ္ဗိသာရမင်းကြီးက ဘုရားသားတော် ရဟန်းတော်ဖြစ်လာရင် ဒီလိုအပြစ်မလုပ်ကောင်းဘူး။ သံသရာဝဋ်ကကျွတ်အောင် လွတ်လွတ်လပ်လပ် ကျင့်သုံးကြဖို့ ခွင့်ပြုထားပါတယ်” လို့ပြောတော့ အကြွေးရှင်တွေက အကြွေးတင်နေတဲ့သူကို ရဟန်းခံပေးရကောင်းလားလို့ အပြစ်တင်ကြပါတယ်။ ဒါကို ဘုရားရှင် ကြားတော်မူတော့ အကြွေးတင်နေတဲ့သူကို ရဟန်းခံပေးလို့မရပါဘူး။ တကယ်လို့ အကြွေးရှိသူကို ရဟန်းခံပေးရင် ရဟန်းခံပေးတဲ့ရဟန်းများမှာ ဒုက္ကဋ်အာပတ်သင့်ပါတယ်။ (၀ိနည်းမဟာဝါပါဠိတော်)



သာဓကအရ ရဟန်းခံသူဟာ တင်နေတဲ့အကြွေးကို ပြန်မဆပ်နိုင်တာဖြစ်တယ်။ တကယ်လို့ အကြွေးဆပ်နိုင်သူဖြစ်ပါက အကြွေးပြန်ဆပ်ပါ့မယ်လို့ ဆုံးဖြတ်ချက်ချထားသူဖြစ်ပါက ရဟန်းခံလို့ရပါတယ် ဆိုတာပါပဲ။ ဒါကြောင့် သူတစ်ပါးအကြွေးရှိနေပါရက်နဲ့ စိတ်ဖြောင့်စွာ ရဟန်းပြုချင်တယ်ဆိုရင် မိမိအကြွေးကို ဆပ်ပေးနိုင်သူတစ်ဦးဦးက အကြွေးဆပ်ပေးခဲ့ပါမယ်လို့ တာဝန်ယူလာရင်ဖြစ်စေ၊ တင်နေတဲ့ကြွေးမြည်ကို ကိုယ်တိုင် အကြွေးဆပ်နိုင်တဲ့အတွက် ဆွေးမျိုးသားချင်းဖြစ်စေ၊ အခြားသူတစ်ယောက်ယောက်ကိုဖြစ်စေ အကြွေးဆပ်ခဲ့ဘို့အတွက် စိတ်ချရတဲ့ကိုယ်စားလှယ်တစ်ယောက်ကို တာဝန်ပေးထားခဲ့မယ်။ ကိုယ်စားလှယ်ကလဲ ရဟန်းများကို အကြွေးပြန်ဆပ်ပေးပါ့မယ်လို့ အသိပေးလျှောက်ထားမယ်ဆိုရင် ရဟန်းခံ လို့ရပါတယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။ (မဟာဝါဘာသာဋီကာ၊ ပ၊ ဣဏာယိက၀တ္ထုကထာ၊ နှာ-၁၇၁)



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



No comments:

Post a Comment