Sunday, August 28, 2011

တရားကို ကူထိုင်ပေးလို့ ရပါသလား

အမေး။ ။ အရှင်ဘုရား တပည့်တော်က “တရားထိုင်ရာမှာ မြတ်စွာဘုရားက ကူထိုင်ပေးတာမရှိ၊ ကျွတ်တမ်းဝင်လိုသူက တရားနာပြီး မိမိဘာသာ ဆိတ်ငြိမ်ရာမှာ တရားထိုင်ရပါတယ်။ ယခုဆရာတော်က တရားကူထိုင်ပေးလို့ရတယ်ဆိုတာ ဖြစ်နိုင်ပါသလားဘုရား”လို့ ဆရာတော်တစ်ပါးအားလျှောက်တော့ ထိုဆရာတော်က “ မြတ်စွာဘုရား ရတာ-မရတာ ဘုန်းကြီးမသိ၊ ဘုန်းကြီးတစ်ပါးကတော့ရတယ်”လို့ အွန်လိုင်းကနေ ပြန်ဖြေလာပါတယ်ဘုရား။ ဆိုလိုတာက တရားအားထုတ်တဲ့အခါ တရားကူထိုင်ပေးလို့ရပါသလားဆိုတာကို ဘုရားဟောကျမ်းဂန်ထောက်ပြီး အားလုံးသိအောင် ဖြေကြားပေးတော်မူပါဘုရား။



ဒေါက်တာတင့်ဇင်ဦး

မန်းစဖီးလ်၊ အင်္ဂလန်



အဖြေ။ ။ တရားကူထိုင်ပေးတယ်ဆိုတာ ဦးတင့်ပြောမှပဲ ကြားဖူးတော့တယ်။ တရားကူထိုင်ပေးလို့ရတယ်ဆိုတာ ဟိုရှေးယခင်က မရှိခဲ့ဖူးသလို အခုလဲ မရှိပါဘူး၊ နောင်လဲ ရှိလာမှာမဟုတ်ပါဘူး။ ဘာ့ကြောင့်ဆိုရင် ဘုရားရှင်က ဥပရိပဏ္ဏာသပါဠိတော်၊ ဒေ၀ဒဟ၀ဂ်၊ ဂဏကမောဂ္ဂလ္လာနသုတ်မှာ ပုဏ္ဏားက ဘုရားရှင်အား “အရှင်ဂေါတမ နိဗ္ဗာန်ဆိုတာရှိတယ်။ နိဗ္ဗာန်သွားရမဲ့လမ်းလဲရှိတယ်၊ လမ်းပြမဲ့သူအရှင်ဂေါတမလဲရှိတယ်။ ဒါပေမဲ့အရှင်ဂေါတမက တပည့်တွေကို အဖန်ဖန်ထပ်ထပ်ဆုံးမပေမဲ့လို့ အချို့ရဟန်းများက နိဗ္ဗာန်သို့ရောက်ကြပြီး အချို့ရဟန်းများက နိဗ္ဗာန်ကို မရောက်ကြပါ။ ဘာ့ကြောင့်ဒီလိုဖြစ်ရတာလဲ”မေးတဲ့အခါ ဘုရားရှင်က “ငါဘုရားပြန်မေးမယ် သင်ဟာ ရာဇဂြိုဟ်ကိုသွားတဲ့လမ်းကို သိပါသလား” မေးတော့ “သိပါတယ် အရှင်ဂေါတမ”လို့ ပုဏ္ဏားကပြန်ဖြေပါတယ်။ ထိုအခါ ဘုရားရှင်က“ ငါဘုရားပြောမယ်။ ရာဇဂြိုဟ်ဆိုတာရှိတယ်။ ရာဇဂြိုဟ်ကို သွားမဲ့လမ်းလဲရှိတယ်၊ ရာဇဂြိုဟ်ကိုသွားဖို့ရာ လမ်းညွန်နိုင်တဲ့သင်လဲရှိတယ်။



ဒါပေမဲ့ ခရီးသွားတစ်ယောက်က ရာဇဂြိုဟ်ကိုသွားဖို့အတွက် သင့်ကိုလာမေးတဲ့အခါ သင်က မြို့တည်ရှိတဲ့နေရာနဲ့တကွ လမ်းမှန်ကိုတော့ ပြောပြလိုက်ပါတယ်။ အဲဒီအခါ ခရီးသွားသူဟာ သင်လမ်းညွန်တဲ့အတိုင်း လမ်းမှန်ကိုလျှောက်လှမ်းမိတဲ့အတွက် ရာဇဂြိုဟ်ကိုရောက်သွားတယ်။ ဒါပေမဲ့အခြားခရီးသွား တစ်ယောက်ကတော့ သင်လမ်းညွန်ပေမဲ့ လမ်းမှားလျှောက်မိတဲ့အတွက် ရာဇဂြိုဟ်မရောက်ခဲ့ဘူး၊ အဲဒါဘာ့ကြောင့်ပါလဲပုဏ္ဏား”လို့ ဘုရားရှင်က ပြန်မေးလိုက်ပါတယ်။ ပုဏ္ဏားက “အရှင်ဂေါတမ ဒီကိစ္စမှာ အကျွန်ပ်ဘာမှ မတတ်နိုင်ပါ။ အကျွန်ပ်ဟာ ခရီးလမ်းညွန်ပြသူသာဖြစ်တယ်”လို့ ဖြေပါတယ်။



“ဒီလိုပါပဲပုဏ္ဏား နိဗ္ဗာန်ဆိုတဲ့ အမှန်တရားလဲရှိတယ်၊ နိဗ္ဗာန်သို့သွားမဲ့ လမ်းလဲရှိနေတယ်၊ လမ်းညွန်သူငါဘုရားလဲရှိပါတယ်။ ဒါပေမဲ့ အချို့ရဟန်းများက ပြောတဲ့အတိုင်း လမ်းမှန်လျှောက်လို့ နိဗ္ဗာန်ရောက်သွားကြတာရှိသလို လမ်းညွန်တဲ့အတိုင်းမသွားဘဲ လမ်းမှားလျှောက်မိတဲ့အတွက် နိဗ္ဗာန်မရောက်ကြတဲ့သူများလဲ ရှိပါတယ်။ ဒီကိစ္စမှာ ငါဘုရား ဘာတတ်နိုင်မှာလဲ၊ ငါဘုရားဟာ နိဗ္ဗာန်လမ်းခရီးကို ညွန်ကြားသူသာဖြစ်တယ်”လို့ မိန့်တော်မူလိုက်ပါတယ်။



အထက်ပါဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် ဘုရားရှင်ဟာ နိဗ္ဗာန်ရောက်အောင် လမ်းညွန်သူသာဖြစ်တယ်။ နိဗ္ဗာန်ရောက်အောင် တရားကို ကူပြီးရှုမှတ်ပေးလို့ မရပါဘူး။ (တရားကူထိုင်ပေးလို့မရပါဘူး)။ တစ်နေရာမှာလဲ ဘုရားရှင်ကိုယ်တိုင်မိန့်မှာတော်မူခဲ့တဲ့ စကားလေးတစ်ခုရှိပါတယ်။ တုမှေဟိ ကိစ္စ မာတပ္ပံ အက္ခတာရော တထာဂတာ၊ အဓိပ္ပါယ်က “ကိုယ့်ကိစ္စ ကိုယ်တိုင်အားထုတ်ကြပါ၊ လုပ်ကြပါ၊ ဘုရားဆိုတာ လမ်းညွန်ပေးရုံပဲဖြစ်ပါတယ်” လို့မိန့်တော်မူထားပါတယ်။ ဒီလောက်ဆိုရင် တရားကူထိုင်ပေးလို့ မရပါဘူးဆိုတာကို စာဖတ်သူများ သဘောပေါက်လောက်ပါပြီ။ “ကုန်ရှုံးရင်တစ်ခေါက်၊ ဆရာမှားရင် တစ်သံသရာလုံးမှောက်”ဆိုတာလိုပဲ ကံကောင်းလို့လူဖြစ်လာရတဲ့ဘ၀မှာ ဆရာမမှားဖို့ သိပ်အရေးကြီးပါတယ်ဆိုတာ စာဖတ်သူများအား နောက်ဆက်တွဲ သတိပေးလိုက်ရပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



No comments:

Post a Comment