Monday, August 22, 2011

စိတ်ထားတတ်ရင် မေတ္တာစစ်ဖြစ်ပါသလား

အမေး။ ။ အရှင်ဘုရား ဒိဋ္ဌိနှင့်တဏှာပြတ်မှ မေတ္တာစစ်ဖြစ်မယ်လို့ ပြောနိုင်မလား။ စိတ်ထားတတ် ရင် မေတ္တာစစ်ဖြစ်မလားဘုရား။



ထိပ်ထား

ရတနာပုံ





အဖြေ။ ။ စိတ်ထားတတ်ရင် မေတ္တာစစ်ဖြစ်တယ်လို့ပဲပြောရမယ် ထိပ်ထားရေ။ နားလည်အောင် အကျယ်ရှင်းပြပါအုံးမယ်။



(၁) ချစ်သူအချစ်။



(၂) မိသားစုအချစ်။



(၃) ပါရမီအချစ်လို့ မေတ္တာ(၃)မျိုး ရှိပါတယ်။



ယောင်္ကျား+မိန်းမတို့ အပြန်အလှန် ချစ်ကြတဲ့အချစ်မျိုးကို ‘ချစ်သူအချစ်’ လို့ခေါ်ပါတယ်။ မိဘနဲ့သားသမီး၊ ညီအစ်ကိုအချင်းချင်း၊ ညီအစ်မအချင်းချင်း၊ မောင်နှမအချင်းချင်း ချစ်ကြတာကိုတော့ ‘မိသားစုအချစ်’လို့ ခေါ်ပါတယ်။ ကိုယ့်အကျိုးမငှဲ့ဘဲ သူတစ်ပါးအကျိုး၊ အများအကျိုးကို လိုလားတဲ့အချစ်က ‘ပါရမီအချစ်’လို့ခေါ်ပါတယ်။ ဒါကို ပါဠိလိုပြောရင် တဏှာပေမ၊ ဂဟသိတပေမ၊ မေတ္တာပေမလို့ ဆိုပါတယ်။ ဒီသုံးမျိုးထဲမှာ မေတ္တာစစ်ဖြစ်တာက မေတ္တာပေမလို့ခေါ်တဲ့ ပါရမီအချစ်ပါ။



ပါရမီအချစ်ဟာ ရှေးရှေးဘုရားအလောင်းသူတော်ကောင်းများ ကျင့်သုံးခဲ့ကြပါတယ်။ ကိုယ့်အကျိုးလုံးဝမငှဲ့ဘဲ သူတစ်ပါးအကျိုး၊ အရပ်အကျိုး၊ ရွာအကျိုး၊ အများအကျိုး ဆောင်ရွက်ချင်တဲ့စိတ်နေစိတ်ထားဟာ ‘ပါရမီအချစ်’ဆိုတဲ့ မေတ္တာအစစ်ဖြစ်ပါတယ်။ မိသားစုအချင်းချင်း လောဘကြောင့် ဒေါသကြောင့် လိုလားမှုအားကြီးနေကြမယ်ဆိုရင် ဒီမိသားစုဟာ ပူလောင်နေမှာပါ။ ဘယ်တော့မှ မအေးချမ်းနိုင်ပါဘူး။ တကယ်လို့ မိသားစုအချင်းချင်း ပါရမီအချစ်ကို ထည့်သုံးကြည့်ကြမယ်ဆိုရင် အေးချမ်းတဲ့မိသားစု တစ်ခုဖြစ်လာမှာပါ။



လင်နဲ့မယား ချစ်သူချင်းလဲ ဒီလိုပါပဲ ပါရမီအချစ်ကို အသုံးပြုပေးမယ်ဆိုပါက ငြိမ်းချမ်းတဲ့အိမ်ထောင်စု တစ်ခု ဖြစ်လာမှာ အမှန်ပါပဲ။ ‘စိတ်ထားတတ်က မြတ်၏’ဆိုတဲ့အတိုင်း စိတ်ထားတတ်ပြီး ပါရမီအချစ်နဲ့နေကြမယ်ဆိုရင် လောကလူသားအားလုံး ငြိမ်းချမ်းကြမှာ ဖြစ်ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ





No comments:

Post a Comment