Monday, August 22, 2011

သေလေးပါးရှင်လေးပါးဆိုတာဘာပါလဲ

အမေး။ ။ သေလေးပါး ရှင်လေးပါးအကြောင်းကို သိချင်ပါတယ်ဘုရား၊ တပည့်တော်အပါအ၀င် အများသူငါသိအောင် ဖြေကြားပေးတော်မူပါဘုရား။



ဝင်းဇော်ကို

မန္တလေး





အဖြေ။ ။ ရှင်လေးပါး သေလေးပါးကို လောကီလောကုတ်ခွဲပြီးပြောရင် ပိုရှင်းပါ့မယ်။ ရှင်လေးပါးကို လောကအနေနဲ့ပြောရရင် ရှင်လေးပါးအကြောင်းဟာ ကျမ်းကြီးကျမ်းခိုင်တွေမှာ မလာပါဘူး။



ရှင်လေးပါး



ရှင်ဥပဂုတ္တ-တောင်သမုဒ္ဒရာမှာ ကြေးပြာဿဒ်နဲ့ ယခုထက်တိုင်သတင်းသုံးနေဆဲ ဖြစ်တယ်လို့ဆိုတယ်။



ရှင်သာရဒတ္တ-မြောက်သမုဒ္ဒရာမှာ ရွှေပြာဿဒ်နဲ့ ယခုထက်တိုင်သီတင်းသုံးနေဆဲ



ရှင်သက္ကောသာရ-အရှေ့သမုဒ္ဒရာမှာ ရွှေပြာဿဒ်နဲ့ ယခုထက်တိုင်သီတင်းသုံးနေဆဲ



ရှင်မေဒါရ-အနောက်သမုဒ္ဒရာမှာ ကြေးပြာဿဒ်နဲ့ ယခုထက်တိုင်ရှိနေသေးတယ်လို့ ပြောပါတယ်။ (သရုပ်ပြအဘိဓါန်၊နှာ-၅၁၀)



တနည်းရှင်လေးပါး



ပထမအင်းဝခေတ် ကောဇာသက္ကရာဇ် (၈၁၅)လောက်ကစလို့ စာဆိုအကျော်များ ပေါ်ထွန်းခဲ့ပါတယ်။ အခုအခါ ပေလေးပင် ရှင်လေးပါးဆိုပြီး ပြောဆိုနေကြတာပါ။ ရှင်လေးပါးက



ရှင်ဥတ္တမကျော်-၈၁၅-၉၀၄



ရှင်အုန်းညို-၈၁၅-၈၉၀



ရှင်မဟာသီလ၀ံသ-၈၁၅-၈၈၀



ရှင်ခေမာ-၈၁၅-(၈၆၅)တို့ ဖြစ်ကြပါတယ်။ (အင်းဝပြတိုက်၊ အင်းဝမြို့)



သေလေးပါးနဲ့ပတ်သက်ပြီး ကျမ်းကြီးကျမ်းခိုင်မှာ လာတာမတွေ့ရပါဘူး။ ရှေးရိုပြောစဉ် မှတ်စုမှလာတယ်လို့ သရုပ်ပြအဘိဓါန်မှာ ဖေါ်ပြထားတာကို တင်ပြလိုက်ပါတယ်။



သေလေးပါးက



ရှင်မဟာကဿပ-ဝေဘာရတောင် မြတ်ကမလာထက်မှာ ယခုထက်တိုငာ် ရှိနေဆဲဖြစ်ပါတယ်။



ရှင်သုဘာရ-ဥတ္တမ္မတောင်။



ရှင်ဥပေက္ခာရ-မကုဠတောင် ။



ရှင်ဓမ္မသာရ-မကုဠတောင်တို့ဖြစ်ကြပါတယ်။



တစ်ဖန် သေလေးပါး ရှင်လေးပါးကို လောကုတ္တရာနည်းပြောရရင် နောက်တစ်ကြိမ် ပြန်မဖြစ်နိုင်တာ ကို သေးလေးပါးလို့ခေါ်ပြီး၊ နောက်အကြိမ်များစွာ ဖြစ်နိင်တာကိုတော့ ရှင်လေးပါးလို့ ခေါ်ဆိုကြတာပါ။ ဒီနည်းကို ရှေးပညာရှိသူတောင်ကောင်းများ နှစ်သက်တော်မူကြပါတယ်။



သေလေးပါးဆိုတာ မဂ်လေးပါးကို ပြောတာပါ။ ဘာ့ကြောင့်ဆိုရင် သောတာပတ္တိမဂ်ရပြီး သူများ နောက်တစ်ကြိမ် သောတာပတ္တိမဂ် မရရှိနိင်တော့လို့ပါပဲ။ နောက်တစ်ကြိမ်မရနိုင်တော့ လို့ သေတယ်လို့ပြောတာပါ။ ကျန်တဲ့အထက်မဂ်သုံးပါးလဲ ဒီအတိုင်းပါပဲ၊၊ ဒါကြောင့် မဂ်လေးပါးကို သေလေးပါးလို့ ရှေးပညာရှိများ မိန့်တော်မူခဲ့ကြတာပါ။



ရှင်လေးပါးဆိုတာကဖိုလ်လေးပါးကို ပြောတာပါ၊ သောတ္တာပတ္တိဖိုလ်ရပြီးသူတိုင်း နောက်ထပ် သောတ္တာပတ္တိဖိုလ်ကို မကြာမကြာ ပြန်ဝင်စားလို့ရပါတယ်။ ဒါကြောင့် ဖိုလ်ကို ရှင်တယ်လို့ပြောတာပါ။ ကျန်တဲ့အထက်ဖိုလ်သုံးပါးလဲ ဒီအတိုင်းပါပဲ၊ ဒါကြောင့် ဖိုလ်လေးပါးကို ရှင်လေးပါးလို့ ရှေးပညာရှိများ မိန့်တော်မူခဲ့တာပါ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ





No comments:

Post a Comment