Wednesday, August 17, 2011

ပြဇာတ်မင်းသားလို တရားဟောသင့်ပါသလား



အမေး။ ။ အရှင်ဘုရား အချို့ဘုန်းကြီးများ တရားဟောတာနဲ့ပတ်သက်ပြီး တပည့်တော်ဝေဖန်မိပါတယ်ဘုရား။ အချို့ဘုန်းကြီးများဟာ ပြဇာတ်မင်းသားလို အသံရှည်ရှည် ဆွဲငင်ဟောတာတွေ့ရပါတယ်။ တပည့်တော် နားထောင်ရတာလဲ သီချင်းဆိုသလိုပါပဲဘုရား။ တပည့်တော်သိချင်တာက တရားဟောတဲ့အခါ အသံနေ အသံထားနဲ့ ဆွဲငင်ဟောကြားတာဟာ ၀ိနည်းတော်နဲ့ ညီညွတ်မှုရှိပါသလားဘုရား။



အေးသီတာဝင်း

MCC မြိတ်





အဖြေ။ ။ တရားဟောတဲ့နေရာမှာ အသံရှည်ဖြင့် ဆွဲငင်ပြီး တရားမဟောကောင်းပါ။ ဘာကြောင့်လဲဆိုရင် အသံရှည်ဆွဲငင်ဟောကြားတဲ့အတွက် ဘုရားရှင်ရဲ့အလိုတော်နဲ့ဆန့်ကျင်နေတဲ့အပြင် အပြစ်ငါးပါး ဖြစ်လို့ပါပဲ။ အပြစ်ငါးပါးက



(၁) မိမိအသံ၌ မိမိသာယာခြင်း။



(၂) တရားနာသူတို့က တရားကိုမမက်၊ အသံကိုသာတပ်မက်ကြခြင်း။



(၃)ပညာရှိသူတို့က ကဲ့ရဲ့အပြစ်တင်မှုကို ခံရခြင်း။



(၄) အသံကောင်းအောင်လုံ့လပြုရသဖြင့် သမာဓိပျက်ရခြင်း။



(၅) နောက်နောက်ပုဂ္ဂိုလ်တို့ အတုလိုက်၍ ဟောကြားမှုတို့ကြောင့် သာသနာပျက်ကွယ်ရခြင်းတို့ ဖြစ်ကြပါတယ်။ (အဂုင်္တ္တိုရ်ပါဠိတော်၊ နှာ၊၂၁၉၊ ဋ္ဌ ၊ ၇၈)



ပြီးတော့ တရားကို အသံလုပ်ပြီးဟောတဲ့နေရာမှာ အသံကိုပဲချီးမွန်းခံရတယ်။ တရားကတော့ပျောက်သွားတယ်။ တရားဖက်မလည်တော့ဘဲ တဏှာဖက်ကိုလည်သွားတယ်။ ဒါနဲ့စပ်လို့ ဘုရားရှင်လက်ထက်တော်အခါက ဆဗ္ဗဂ္ဂီလို့ခေါ်တဲ့ စောင့်စည်းမှုမရှိကြတဲ့ ရဟန်းတစ်စု ရှိကြတယ်။ ထိုရဟန်းတစ်စုဟာ တရားဟောတဲ့အခါ အသံလုပ်ပြီးဟောကြတယ်။ ဒါကို တွေးတတ်တဲ့လူများက “ဒီရဟန်းတွေဟာ တရားတော်ကို သီချင်းဆိုသလို ဆိုကြတယ်”လို့ ကဲ့ရဲ့ကြပါတယ်။ ဒီကဲ့ရဲ့တဲ့သတင်းဟာ နောက်ဆုံး ဘုရားရှင်ထံရောက်သွားတယ်။ ထိုအခါ ဘုရားရှင်က “ရဟန်းတို့ အသံရှည်ဆွဲပြီး သီချင်းသံဖြင့် တရားတော်ကို သီဆိုမဟောအပ်၊ တကယ်လို့ ဟောပါက ထိုရဟန်းအား ဒုက္ကဋ်အာပတ်သင့်စေ”လို့ သိက္ခာပုဒ်ပညတ်တော်မူခဲ့ပါတယ်။ ဒါကြောင့် တရားတော်ကို သီချင်းဆိုသလို အသံလုပ်ဟောနေကြတဲ့ရဟန်းတော်များဟာ ဘုရားစကားတော်ကို ဆန့်ကျင်တဲ့အတွက် အပြစ်ဖြစ်ပါတယ်၊ မဟောကောင်းဘူးဆိုတာ ဖြေကြားပေးလိုက်ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



No comments:

Post a Comment