Saturday, August 20, 2011

ဆွမ်းတော်ကို နေ့(၁၂)နာရီကျော်တဲ့အထိ ထားကောင်းပါသလား

အမေး။ ။ ဘုရားဆွမ်းတော်ကို နေ့(၁၂)နာရီကျော်တဲ့အထိ မစွန့်ဘဲထားရင် အပြစ်ရှိ-မရှိ သိချင်ပါတယ်ဘုရား။ တပည့်တော်က နံနက်(၈)နာရီမှာအလုပ်သွားပြီး ညနေ(၆)နာရီမှ အိမ်ကိုပြန်ရောက်ပါတယ်။ မနက်ရုံးမသွားခင် ဆွမ်းကပ်ပြီး (၁၀)မိနစ်အကြာမှာ ပြန်စွန့်လိုက်မယ်ဆိုရင် အစွန့်မြန်တဲ့အတွက် တပည့်တော်မလုပ်ချင်ပါဘုရား၊ ဆွမ်းဘုဉ်းပေးချိန်ဟာ မိနစ်(၃၀)အများဆုံးဆိုတာကို ဆရာတော်များရဲ့တရားတွေမှာ နာကြားဖူးပါတယ်ဘုရား။ တပည့်တော်က မနက်(၈)နာရီမထိုးခင် ဆွမ်းတော်ကပ်ပြီး နေ့(၁၂)နာရီအထိ ကပ်လှူထားချင်ပါသေးတယ်။ ဘယ်လိုမျိုး ဆွမ်းတော်ကပ်က ပိုမိုကောင်းမွန်နိုင်ပါတယ်ဆိုတာကို တပည့်တော်အား ပြန်လည်ဖြေကြားပေးတော်မူပါဘုရား။



ရိုလေလေးစားစွာဖြင့်

မသန်းသန်းနိုင်

ရန်ကုန်





အဖြေ။ ။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ၀ိကာလအခါမှာ အစာစားခြင်းမှ ရှောင်ကြဉ်တာကို လိုလားတော်မူပါတယ်။ ဒါကြောင့် (၁၂)နာရီကျော်တဲ့အခါ အစာမစားခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော်ကျဖြစ်ပါတယ်။ ဆွမ်းတော်ပွဲကို ဘုရားအဆောင်မှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် (၁၂)နာရီကျော်တဲ့အထိထားမယ်ဆိုရင် ဘုရားရှင်အလိုတော်ကျမဟုတ်တော့ပါဘူး။ ဘုရားရှင်ရဲ့ အလိုတော်ကျဖြစ်အောင် နေ့(၁၂)နာရီမကျော်ခင် ဆွမ်းတော်စွန့်တာက ပိုမိုကောင်းမွန်ပါလိမ့်မယ်။ ဒါ့ပြင် ဆွမ်းတော်ကို နေ့(၁၂)နာရီကျော်လွန်လို့ ညနေအချိန်အထိ ထားမယ်ဆိုရင် ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေနဲ့ ဘုရားအဆောင်ဟာ ရှုပ်ပွနေတော့မှာပါ။ ဒါဆိုရင်တော့ ဘုရားရှင်ကို အဂါရ၀မရိုသေရာလဲ ရောက်နေပါတယ်။ အကောင်းဆုံးကတော့ (၁၂)နာရီမထိုးမီအချိန်လေးအထိသာထားပြီး ဆွမ်းတော်စွန့်က အကောင်းဆုံးဖြစ်ပါတယ်။



ဒါပေမဲ့ မသန်းသန်းနိုင်ရဲ့ အခက်အခဲအရဆိုရင်တော့ နေ့(၁၂)နာရီအထိဆွမ်းကပ်ဖို့က မဖြစ်နိုင်တဲ့အတွက် အကောင်းဆုံးအနေနဲ့ အကြံပေးရမယ်ဆိုရင် နံနက် စောစောအိပ်ရာကထတဲ့အကျင့် လုပ်ပြီး၊ စောစောဆွမ်းထချက်လို့ရပါတယ်။ ပြီးရင် နံနက်အရုဏ်ဆွမ်းအဖြင့် နံနက်(၆)နာရီလောက်မှာ ဆွမ်းတော်ကပ်ပြီး၊ နံနက်(၆း၃၀)နာရီ သို့မဟုတ် (၇)နာရီလောက် ဆွမ်းတော်စွန့်မယ်ဆိုရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



No comments:

Post a Comment