Saturday, September 10, 2011

ဘုရားဂုဏ်တော်ဆယ်ပါးနှင့်ပတ်သတ်၍ ရှင်းလင်းချက်

ဘုရားဂုဏ်တော်ကိုးပါးလို့ အရိုးစွဲလာတာကြာတော့လည်း ဆယ်ပါးဆိုတာကို လက်မခံနိုင်၊ မယုံကြည်နိုင် ဖြစ်လာကြပါတယ်။ ဒါ့ကြောင့်လည်း ဦးဇင်းအား စောဒကမေးခွန်းများ ရောက်လာတာများတဲ့ အတွက် ထပ်မံရှင်းလင်းပေးလိုက်ရခြင်းပါ။ ဦးဇင်း ဘုရားဂုဏ်တော်ကိုးပါးကို ဆယ်ပါးလို့ ရေးတင်ဖို့စာရေးနေ ကတည်းက ဒါဟာ စောဒကတွေ တက်လာမှာသေချာတယ်ဆိုတာ မှန်းဆတွက်ထားပြီးသားပါ။ ဒါ့ကြောင့်လည်း ခု ဖြေရှင်းချက်ကို ထပ်မံတင်ပေးဖို့အတွက် အရန်သင့် ရေးထားလိုက်တာပါ။


တကယ်တော့ နိဗ္ဗာန်ဂုဏ်ပုဒ်ဖွင့်ဆိုချက်မှာလည်း အနုတ္တရောကို အတုမရှိသောနိဗ္ဗာန်လို့ ဖွင့်ဆိုထားတာရှိတဲ့အတွက် အနုတ္တရောဟာ သီးသန့်ပုဒ်ဆိုတာ သဘာဝကျပါတယ်။ ဒါ့ပြင် မြတ်စွာဘုရားအား တုနိုင်တဲ့ပုဂ္ဂိုလ်မရှိတဲ့အတွက် အတုမရှိသောမြတ်စွာဘုရားလို့ သီးသန့်ဖွင့်ဆိုတာလည်း သဘာဝကျပါတယ်။ ပုရိသဒမ္မသာရထိ-လူနတ်ဗြဟ္မာတို့ကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားလို့ ဖွင့်ဆိုထားတာ ကလည်း မြတ်ဗုဒ္ဓမှသာ လူနတ်ဗြဟ္မာအားလုံးကို ဆုံးမနိုင်တာပါ။ ကျန်တဲ့ဘယ်ပုဂ္ဂိုလ်ကမှ လူနတ်ဗြဟ္မာတို့ကို ဆုံးမဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

တကယ်လို့ အနုတ္တရောပုရိသဒမ္မသာရထိ-လူနတ်ဗြဟ္မာတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား လို့ ပေါင်းပြီးဖွင့်ဆိုမယ်ဆိုရင် ဂုဏ်ပုဒ်နှစ်ခု ဖြစ်နေတယ်လို့ ယူဆမိပါတယ်။ ဒါ့ကြောင့် အနုတ္တရောပုရိသဒမ္မသာရထိဆိုပြီး ဂုဏ်နှစ်ခုကို ပေါင်းမဲ့အစား ဂုဏ်တော်တစ်ခုစီခွဲပြီး ပူဇော်ရွတ်ဆိုခြင်းက သဘာဝကျမယ် ထင်ပါတယ်။

ကျမ်းဂန်များတွင် ဖွင့်ဆိုထားကို ဖော်ပြပေးရမယ်ဆိုရင် မဇ္ဈိမနိကာယ် မူလပဏာသ စာမျက်နှာ (၂၈၅)။ ၀ိနည်းမဟာဝါပါဠိတော် စာမျက်နှာ (၁၁)။ ဣတိဝုတ်ပါဠိတော် စာမျက်နှာ (၉၀)။ အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် ပါဠိတော် စာမျက်နှာ(၃၄)တို့ကို ထောက်ပြပြီး အဋ္ဌကထာဆရာက ပါရာဇိကဏ္ဍအဋ္ဌကထာ ပထမအုပ် ဝေရဉ္စကဏ္ဍတွင် အနုတ္တရကို ဂုဏ်တော်တစ်ခုအနေဖြင် ဖွင့်ဆိုထားတာ တွေ့ရပါတယ်။

ဒါ့ပြင် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါတ် စာမျက်နှာ (၁၁၁)ကို ကိုးကားပြီး ပုရိသဒမ္မသာရထိဟူ၍လည်း ဂုဏ်တော်တစ်ခု အနေဖြင့် အဋ္ဌကထာက ဖွင့်ပြထားပါတယ်။ ဒါ့ကြောင့် နှစ်ပုဒ်ခွဲယူမယ်ဆိုရင် ဘုရားဂုဏ်တော် ဆယ်ပါးဖြစ်ပါတယ်။

တခါ ဥပရိပဏ္ဏာသ စာမျက်နှာ (၃၁၂)ကို ထောက်ဆပြီး အနုတ္တရောပုရိသဒမ္မသာရထိဟု တစ်ပုဒ်တည်းယူပြီး အနက်တစ်မျိုး ရနိုင်ကြောင်း အဋ္ဌကထာဆရာက ဖွင့်ပြထားတာလည်း ရှိပါတယ်။ အဲဒီတော့ နှစ်ပုဒ်မခွဲဘဲ တစ်ခုတည်းပေါင်းယူမယ်ဆိုရင်တော့ ဘုရားဂုဏ်တော်ဟာ ကိုးပါးလို့ ယူနိုင်ပါတယ်။

မြတ်ဗုဒ္ဓအလိုကျပြောရမယ်ဆိုရင်တော့ ဘုရားဂုဏ်တော်ဟာ ကိုးပါးလည်းမဟုတ်၊ ဆယ်ပါးလည်း မဟုတ်ဘူးလို့ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ချာဂဏန်းဖြင့် ဘုရားရှင်၏ ဂုဏ်တော်များကို ချီးမွမ်းလို့ မရနိုင်ပါဘူးတဲ့။ ဘုရားရှင်တစ်ဆူ၏ဂုဏ်တော်များကို တစ်ခြားဘုရားရှင်တစ်ဆူက ဘာမှမလုပ်ဘဲ အသက်ထက်ဆုံးထိုင်ပြီး ရွတ်ဆိုပြောကြားနေပါသော်လည်း ကုန်ဆုံးနိုင်ခြင်းမရှိဘူးဟု မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါ တယ်။

အဓိကက လုပ်ရမှာက သက်တော်ထင်ရှား ဘုရားရှင်ကိုဖြစ်စေ၊ ရုပ်ပွါးစေတီတော်ကိုဖြစ်စေ တူမျှသောစိတ်ထားထားနှင့် ပူဇော်ရင် ကောင်ကျိုးရတာခြင်း အတူတူပါပဲတဲ့။ မိမိစိတ်သာ ဘုရားဂုဏ်တော်များမှာ ရှိနေဖို့ပါပဲတဲ့။ တကယ်တော့ ဘုရားဂုဏ်တော်ကိုးပါးဆယ်ပါးလို့ ရေတွက်ခြင်းဟာ မှတ်သားရလွယ်ကူအောင် အဋ္ဌကထာက ဖွင့်ဆိုပေးထားခဲ့တာပါ။

တဖန် သာရတ္ထဒီပနီဋီကာဆရာက ရှင်းပြထားတာကိုလည်း ဒီနေရာမှာကြုံလို့ ပြောပြပါဦးမယ်။ ဘုရားဂုဏ်တော်များထဲမှ အရဟံဂုဏ်တော်သည် ပယ်ရမည့် ကိလေသာကိုပယ်ခြင်း၊ သမ္မာသမ္ဗုဒ္ဓေါနှင့် လာက၀ိဒူဂုဏ်တော်နှစ်ပါးသည် ဖြည့်ဆည်းပူးအပ်သော ဉာဏ်တော်များကို ဖြည့်ဆည်းပြီးခြင်း၊ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်သည် မိမိ၏အကျိုးစီးပွားနှင့် ပြည့်စုံပုံကိုပြသခြင်း၊ အနုတ္တရောပုရိသဒမ္မသာရထိနှင့် သတ္ထာဒေ၀မနုဿာနံဂုဏ်တော်များသည် သူတစ်ပါးတို့၏ အစီးအပွါးဆောင်ရွက်ပုံကိုပြသခြင်း၊ သုဂတော၊ ဗုဒ္ဓေါ၊ ဘဂ၀ါ ဂုဏ်တော်များသည် မိမိ၏ အကျိုးစီးပွားပြည့်စုံပုံ၊ သူတစ်ပါးအစီးအပွါး ဆောင်ရွက်ပုံ တို့ကို ပြသခြင်းဖြစ်ပါတယ်တဲ့။

ကိုင်း ဒီလောက်ဆို စာဖတ်သူတို့ ရှင်းလောက်မယ် ထင်ပါတယ်။ ဒါနဲ့ ဦးဇင်း ဒကာ၊ ဒကာများအတွက် ပေါများကြွယ်ဝချမ်းသာအောင် နည်းလမ်းတစ်ခု ပေးလိုက်ပါဦးမယ်။ မန္တလေးမြို့၊ ဘုရားကြီးတိုက်ထဲမှားရှိတဲ့ ဦးရန်ကုန်ကျောင်းပထမဆရာတော်ဘုရားကြီးက ဘုန်းကံကြီးခြင်းရင်၊ လာဘ်လာဘပေါများချင်ရင် ဘုရားဂုဏ်တော်ဆယ်ပါးကို တစ်ပါးချင်းစီ ပုတီးတစ်လုံးစီချပြီး မနက်ပုတီးသုံးပတ်၊ နေ့ခင်းသုံးပတ်၊ ညသုံးပတ်စိပ်ပေးပါတဲ့။ အဲဒီတော့ စာဖတ်သူများ ပေါများကြွယ်ဝချင် ရင်တော့ ဆရာတော်ဦးရန်ကုန်ပြောသလို လုပ်ကြပေတော့။ အားလုံး အသိဉာဏ်ဗဟုသုတများ တိုးပွားပြီး ကောင်းမှုများ၌ မွေ့လျော်နိုင်ကြပါစေ။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

1 comment:

  1. တပည့်တော်ရဲ တစ်သီးပုဂ္ဂလ အမြင်အရဆိုရင်...

    ဘုရားဂုဏ်တော် ကိုးပါးလို့ (အတိအကျ) သတ်မှတ်ထားခြင်းဖြင့် ဗုဒ္ဓဘာသာဝင် (အမည်ခံ) အတော်များများက ငါ့တို့ဘုရားက ဂုဏ်တော် ကိုးပါးပဲ ရှိတယ်၊ အခြားသော ဘာသာမှ ဘုရားတွေက ဥပမာ( ကိုးဆယ့်ကိုးပါး) ဂုဏ်တော်က ဘယ်လောင်တောင် ရှိတာတွေ ဘာတွေ ဖြစ်ကုန်ရော...။ နောက်ပေါ်တဲ့ ဘာသာက အရင်ပေါ်ခဲ့တဲ့ ဘာသာရဲ့ ဥသျှောင်ကို လိုက်တုဖို့ အတွက် နောက်လိုက်များရဲ့ ဥာဏ်နဲ့ ပူဇော်(တီထွင်)တယ်လို့ ယူဆပါသည်ဘုရား။

    အဲသည်တော့... ဘုရားဂုဏ်တော် ကိုးပါးဆိုတာ အကျဉ်းမျှသာ အကျယ်သည်.....အတုမရှိ ဗုဒ္ဓ ဖြစ်တဲ့ အတွက် ဂုဏ်တော် အနန္တ ကံတော် အနန္တ ဥာဏ်တော် အနန္တ ဆိုတာကိုသာ ဗုဒ္ဓသာသနာဝင်များ အနေနဲ့ ကျပ်ကျပ် သတိချပ်စေချင်ပါတယ်ဘုရား။

    မြတ်ဗုဒ္ဓအလိုကျပြောရမယ်ဆိုရင်တော့ ဘုရားဂုဏ်တော်ဟာ ကိုးပါးလည်းမဟုတ်၊ ဆယ်ပါးလည်း မဟုတ်ဘူးလို့ ပြောရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ သင်္ချာဂဏန်းဖြင့် ဘုရားရှင်၏ ဂုဏ်တော်များကို ချီးမွမ်းလို့ မရနိုင်ပါဘူးတဲ့။

    ReplyDelete