Tuesday, September 20, 2011

ဥဒ္ဒိဿစေတီ အဓိပ္ပါယ်

မေး။ ။ ဥဒ္ဒိဿစေတီရဲ့ အဓိပ္ပါယ်ကို တပည့်တော်မသား နားလည်အောင် ဖြေကြားပေးတော်မူပါဘုရား။

မငယ်
ဆစ္ဒနီ၊ သြစတေးလျား


ဖြေ။ ။ ဥဒ္ဒိဿဆိုတဲ့ပါဠိဟာ-ရည်စူးအပ် ရည်ညွန်းအပ်တဲ့ အရာဝတ္ထုကို ဟောပါတယ်။ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ပုံတော်ကို အတုပြုလုပ်ထားတဲ့ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျောင်းတော်မူပုံကို ဥဒ္ဒိဿစေတီလို့ခေါ်ပါတယ်။ ရုပ်ပုံတော်ကို အတုပွားထားတဲ့အတွက် ရုပ်ပွားတော်လို့ အမည်ပေးပြီး ဘုရားရှင်ရဲ့ အဆင်းပုံသဏ္ဍာန်ကို အတုလုပ်ထားသောကြောင့် ဆင်းတုတော်လို့ အမည်ပေးထားခြင်း ဖြစ်ပါတယ်။ ရုပ်ပွားဆင်းတုတော်မပါလည်း စိတ်ထဲကနေ အာရုံပြုအပ်တဲ့ပုံတော်ကိုလည်း ဥဒ္ဒိဿစေတီလို့ ခေါ်နိုင်ပါတယ်။

ဥဒ္ဒိဿ-ရည်စူးအပ်တဲ့၊ ရည်ညွန်းအပ်တဲ့ အရာဝတ္ထု။ စေတီ-ပူဇော်သင့်ပူဇော်ထိုက်တာ။ ဒါဖြင့်ရင် ရည်ညွန်းတဲ့ ဆင်းတုတော်များမှာလည်း အုတ်ကျောက်တို့နဲ့ လုပ်ထားတယ်။ အိမ်တွေမှာလည်း အုတ်ကျောက်တို့နဲ့လုပ်ထားတာအတူတူဆိုတော့ ဆင်းတုတော်ကိုပူဇော်ရင် အိမ်ကိုလည်း ပူဇော်ရမှာပေါ့။ ဘာ့ကြောင့် ဆင်းတုတော်ဆိုတဲ့ ဥဒ္ဒိဿစေတီကို ပူဇော်ရတာလဲလို့ မေးလာခဲ့ရင် တစ်ခါက ရွှေဟင်္သာဆရာတော်ကြီးကို နိုင်ငံခြားသားတစ်ဦးက အထက်ပါ အမေးမျိုးတစ်ခုကို မေးလာတယ်။ ဆရာတော်ဘုရာကြီးက ထိုသူရဲ့ အမေးကို ပြန်မဖြေသေးပဲ ပြန်မေးလိုက်ပါတယ်။

ဆရာတော်။ ။ မင်းမှာ အမေရှိလား။

လူ။ ။ ရှိပါတယ်။

ဆရာတော်။ ။ ဇနီးကော ရှိလား။

လူ။ ။ ရှိပါတယ်

ဆရာတော်။ ။ ဒါဖြင့် မင်းရဲ့ အမေနဲ့ ဇနီးဟာ မိန်းမချင်းတူတဲ့အတွက် အမေကို ဇနီးအရာမှာထားနိုင်မလား။

လူ။ ။ မထားနိုင်ပါဘူး။ တပည့်တော် နားလည်သပေါက်ပါပြီ။

ထိုဖြစ်ရပ်လေးမှာ ရုပ်ဝတ္ထုကို အဓိကထားမကြည့်ဘဲ စိတ်နဲ့ဘုရားရဲ့ဂုဏ်ထူးဝိသေသကို အာရုံပြုပြီး ပူဇော်ရှိခိုးတာပါ။

နောက်တစ်ခု ဥဒ္ဒိဿစေတီနဲ့ ပတ်သက်ပြီးပြောရရင် လူတိုင်းမှာ အမေအဖေ ဆိုတာရှိတယ်။ ထိုအမေအဖေတို့ ဆုံးပါးသွားပြီးတဲ့နောက် ကျန်ရစ်တဲ့သားသမီးများက အမေ အဖေတို့ရဲ့ ဓါတ်ပုံကို ရိုသေစွာနဲ့ “ ဒီဓါတ်ပုံများဟာ အမေ့ပုံ အဖေ့ပုံများပဲ”လို့ အမေအဖေရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့ကာ ပူဇော်ကြပါတယ်။ ထို့အတူ ဘုရားဆင်းတုတော်ဆိုတဲ့ ဥဒ္ဒိဿစေတီကိုလည်း ဘုရားရှင်မရှိတဲ့နောက် ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူးကို အောက်မြေ့ပီး ပူဇော်ကြတာပါ။

ဒါဆိုရင် ဥဒ္ဒိဿစေတီရဲ့သဘော နားလည်လောက်ပြီလို့ထင်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:

Post a Comment