Tuesday, September 6, 2011

မန္ဓာတုမင်းအကြောင်း သိချင်ရင်

အမေး။ ။ အရှင်ဘုရား မန္ဓာတုစကြာမင်းအကြောင်း သိချင်ပါတယ်။ အဖြေပေးတော်မူပါဘုရား။

Dr. တင့်ဇင်ဦး
Man sfield, England


အဖြေ။ ။ မန္ဓာတုစကြာမင်းအကြောင်းကို အမေးရှိတော့လည်း အဖြေရှိရမှာပေါ့။ နားလည်အောင် လိုရင်းပဲ ပြောသွားပ့ါမယ်။ မန္ဓာတုစကြာမင်းဆိုတာ ကမ္ဘာဦးက မဟာသမတမင်းရဲ့ မျိုးဆက်များ ဖြစ်ပါတယ်။ မန္ဓာတုမင်းဟာ ရတနာ(၇)ပါး၊ တန်ခိုး(၄)ပါးတို့နဲ့ပြည့်စုံပြီး စကြာမင်းအဖြစ်နဲ့ မင်းပြုပါတယ်။ သူဟာ လက်ဝဲလက်ကိုခွေပြီး လက်ျာလက်နဲ့ ခတ်လိုက်တာနဲ့ ဒူးဆစ်ပမာဏရှိတဲ့ ရတနာ(၇)ပါးမိုးရွာချတဲ့အထိ ဘုန်းတန်းခိုးကြီးမားလှပါတယ်။

မန္ဓာတုမင်းရဲ့ သက်တမ်း

ပထမအရွယ်ဆိုတဲ့ သူငယ်ဘာဝ အဖေါ်များနဲ့ ကစားခဲ့ရတာက နှစ်ပေါင်း (၈၄၀၀၀)။ ဒုတိယအရွယ်မှာ အိမ်ရှေ့မင်းအဖြစ်နေခဲ့တာက နှစ်ပေါင်း (၈၄၀၀၀)။ တတိယအရွယ်မှာ စကြာဝတေးမင်းအဖြစ် မင်းပြုခဲ့တာက နှစ်ပေါင်း (၈၄၀၀၀)။ မန္ဓာတုစကြာဝတေးမင်းရဲ့ အသက်ပမာဏဟာ အသင်္ချေယျ ဖြစ်တယ်လို့ သိရပါတယ်။

စကြာဝတေးမင်းဟာ ကာမမဂုဏ်များကို ခံစားရတာဟာ အားရတယ်လို့မရှိဘဲ စားပြီးရင်စားချင်ဆိုတာလို ကာမတဏှာ အလိုမပြည့်နိုင်တဲ့အတွက် ငြီးငွေ့လာတယ်။ ဒါကြောင့် အမတ်ကြီးများအား “လူ့ပြည်ထက် မွေ့လျော်ဘွယ်ကောင်းတဲ့ နေရာများရှိပါသလား” မေးပါတယ်။ အမတ်ကြီးများကလည်း လူ့ပြည်ထက် နတ်ပြည်ဟာ ပိုပြီးမွေ့လျော်ဖွယ်ရှိတယ်ဆိုတဲ့အကြောင်း ပြန်လည်ဖြေကြားပါတယ်။ မန္ဓာတုစကြ၀တေးမင်းဟာ ပရိသတ်များခြံရံပြီး စကြာရတနာရဲ့ အကူအညီဖြင့် စတုမဟာရာဇ်နတ်ပြည်ကို သွားခဲ့တယ်။ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးကလည်း မန္ဓာတုစကြာဝတေးမင်းကို ခရီးဦးကြိုဆိုကာ စတုမဟာရာဇ်နတ်ပြည်မှာ မင်းအဖြစ်မင်းပြုနိုင်ပါကြောင်း ပြောတဲ့အခါ စကြ၀တေးမင်းလည်း နတ်ပြည်မှာ လူ့ခန္ဓာကိုယ်ဖြင့် မင်းပြုကာ ကာမဂုဏ်ခံစားလာခဲ့ပါတယ်။

ကာလကြာရှည်ကြာလာတဲ့အခါ့ တဖန်ငြီးငွေ့လာပြန်တယ်။ ဒါနဲ့ မင်းကြီးက “စတုမဟာရာဇ် နတ်ပြည်ထက် ပျော်စရာကောင်းတဲ့နေရာ ရှိသေးလား”လို့ နတ်မင်းကြီးများအား မေးပါတယ်။ “ မြတ်သောမင်းကြီး ကျွန်ပ်တို့ဟာ သူတစ်ပါးရဲ့ အလုပ်အကျွေးများသာ ဖြစ်တယ်။ ဒီနတ်ပြည်ထက် တာဝတိံသာနတ်ပြည်ကို ပိုပြီးပျော်စရာကောင်းပါတယ်”လို့ နတ်မင်းကြီးလေးပါးက ပြန်လည်ဖြေကြားပါတယ်။ သို့နှင့် တာဝတိံသာနတ်ပြည်သို့ တဖန်သွားပြန်တယ်။ ရောက်တော့ သိကြားမင်းက ခရီးဦးကြိုဆိုပါတယ်။ သိကြားမင်းကလည်း မန္ဓာတုမင်းအား သူပိုင်ဆိုင်တဲ့ တာဝတိံနတ်ပြည်ကို ထက်ဝက်ခွဲပြီး မင်းအဖြစ်ကို ပေးပါတယ်။

ဒီလိုနဲ့ လူအဖြစ်နဲ့ တာဝတိံနတ်ပြည်ရဲ့တစ်ဝက်ကို နတ်မင်းအဖြစ်မင်းပြုပြီး ကာမဂုဏ်တရားများကို လိုသည်ထက်ပိုပြီး ခံစားခဲ့ပါတယ်။ နှစ်ပေါင်း သုံးကုဋေခြောက်သန်းကြာတဲ့အခါမှာ သိကြားမင်းလည်း စုတေမနေ သေလွန်ခဲ့တယ်။ နောက်သိကြားမင်းတစ်ဦး ရောက်လာတယ်။ နောက်သိကြားမင်းလည်း အသက်အတိုင်းနေလို့ စုတေမနေ သေလွန်ခဲ့ပါတယ်။ ဒီလိုနဲ့ သိကြားမင်းဆက် (၃၆)ဆက်ဖြစ်တဲ့အခါ မန္ဓာတုမင်းဟာ ကာမတဏှာခံစားမှုများ အတိုင်းထက်အလွန်ဖြစ်လာတယ်။ သိကြားမင်း(၃၆)ယောက်တိုင်တိုင် ထက်ဝက်ကိုမင်းပြုခဲ့ပါတယ်။ နောက်ဆုံးမှာ ကာမတဏှာရဲ့ခိုင်းစေမှုကြောင့် တာဝတိံသာ နတ်ပြည်ရဲ့ ထက်ဝက်ကို ခံစားနေရာက နတ်ပြည်တစ်ခုလုံးကို လိုချင်လာပြန်တယ်။

ဒါနဲ့ လက်ရှိသိကြားမင်းကိုသတ်ပြီး မင်းပြုမယ်ဆိုပြီး ကြံပါတော့တယ်။ ဒါပေမဲ့ သိကြားမင်ကို သတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ ကမာတဏှာကြောင့် မင်းကြီးဟာ တဖြေးဖြေး အိုမင်းလာပါတော့တယ်။ လူခန္ဓာကိုယ်ဟာ နတ်ပြည်မှာ မပျက်စီးကောင်းပါ။ မင်းကြီးဟာ နတ်ပြည်ကနေလျှောကျပြီး လူ့ပြည်မှ မင်းဥယျာဉ်ကို ရောက်လာတယ်။ ဥယျာဉ်စောင့်ကလည်း မင်းမျိုးများအား အကြောင်းကြားတဲ့အတွက် မန္ဓာတုမင်းရှိရာ ရောက်လာကြကာ ဥယျာဉ်ထဲ အခင်းတွေခင်းပေးပြီး အနားယူစေပါတယ်။ အဲဒီမှာ မန္ဓာတုမင်းဟာ မထနိုင်တော့ဘဲ အိပ်ရာထဲလှဲတော့တာပဲ။ အခြေအနေကို အကဲခတ်မိတဲ့ မင်းမျိုးများက “နောက်ကာလအတွက် ဘယ်လိုမှာခဲ့ပါလဲ လို့ မေးတဲ့အခါ မန္ဓာတုမင်းက “မန္ဓာတုမင်းဟာ ကျွန်းငယ်နှစ်ထောင် အခြံအရံရှိတဲ့ ကျွန်းကြီးလေးကျွန်းမှာ စကြ်ာဝတေးမင်းအဖြစ် မင်းပြုလာခဲ့တယ်၊ ဒါတင်မကာ စတုမဟာရာဇ်နတ်ပြည်မှာ လူ့ခန္ဓာကိုယ်နဲ့ နတ်မင်းအဖြစ်မင်းပြုခဲ့တယ်။ ဒါ့အပြင် တာဝတိံသာနတ်ပြည်မှာ နတ်မင်းအဖြစ် သိကြားမင်း (၃၆)ယောက်မြောက်တဲ့အထိ မင်းပြုခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ တဏှာအလိုကားမပြည့်နိုင်ဘဲ စုတေမနေ ကွယ်လွန်ခဲ့ရတယ်ဆိုတာကို လူတို့အား ပြောကြားလိုက်ပါ”လို့ ပြောပြီး မန္ဓာတုမင်းကြီးလည်း ဘ၀တစ်ပါးပြောင်းသွားခဲ့ပါတော့တယ်။ (ဇာ၊ဋ္ဌ၊၂၊ ၂၈၁)

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:

Post a Comment