Wednesday, September 14, 2011

နိဗ္ဗာန်ရတာချင်း အတူတူ ဘာ့ကြောင့်ကွဲပြားရတာလဲ

အမေး။ ။ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာသာဝကများဟာ ၀ိသုဒ္ဓိ(၇)ပါး အဆင့်ဆင့်နဲ့သာ နိဗ္ဗာန်မျက်မှောက်ပြုကြတာ တူညီကြတဲ့အတွက် အားလုံးဟာ အတူတူပင် မဟုတ်ပါလား၊ ဘာ့ကြောင့် ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အဂ္ဂသာဝက၊မဟာသာဝက၊ ပကထိသာဝကလို့ ကွဲပြားခြားနားမှု ဖြစ်နေပါလဲ အားလုံးသိအောင် ရှင်းပြပေးတော်မူပါဘုရား။

မဓမ္မစာရီ
ရန်ကုန်


အဖြေ။ ။ မေးသင့်တဲ့မေးခွန်းတစ်ခုပါ။ နိဗ္ဗာန်မျက်မှောက်ပြုတာချင်း တူညီကြတယ်ဆိုပေမဲ့ ပညာခြင်းမတူ ထူးပြားခြားနားမှု၊ အကျင့်ပဋိပဒါခြင်းမတူ ထူးပြားခြားနားမှု၊ သဒ္ဓါတရားခြင်းမတူ ထူးပြားခြားနားမှု၊ အလိုအဇ္ဈာသယဓာတ်ချင်း မတူထူးပြားခြားနားမှုစတဲ့ အခြေခံအကြောင်းတရားများ မတူထူးပြားခြားနားတာတွေ ရှိပါတယ်။

ဒါကြောင့်လဲ ကမ္ဘာတစ်သိန်းအောက်၊ ကမ္ဘာတစ်သိန်း၊ ကမ္ဘာတစ်သိန်းအထက်ဖြစ်စေ ကိုယ့်ရဲ့ သဒ္ဓါ၊ ပညာ စွမ်းပကားအားလျော်တဲ့ ပါရမီတို့ကို ဖြည့်ကျင့်ပြီး အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ရောက်တော်မူကြတဲ့ အရှင်မြတ်များကတော့ ပကတိသာဝက၊ မဟာသ၀က ဖြစ်တော်မူကြပါတယ်။

တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း အထက်အောက်ဝန်းကျင် ပါရမီဖြည့်ကျင့်ပြီး အရတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက်ပြုကြတဲ့ အရှင်မြတ်များက အဂ္ဂသာဝက ဖြစ်တော်မူကြပါတယ်။ နှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်းအထိ ပါရမီတို့ကိုဖြည့်ကျင့်ပြီး အလိုလိုသိတဲ့ သယမ္ဘူဉာဏ်နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ရောက် မျက်မှောက်ပြုကြတဲ့ အရှင်မြတ်များကတော့ ပစ္စေကဗုဒ္ဓါတို့ ဖြစ်တော်မူကြပါတယ်။

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီတို့ကို ဖြည့်ကျင့်ပြီး၊ ပစ္စေကဗုဒ္ဓါတို့ရဲ့ အရာမဟုတ်တဲ့ စွန့်ခြင်းကြီး ငါးပါးတို့ကို ရဲရဲတောက် ပြုတော်မူကြကာ ဆရာမကူ သယမ္ဘူဥာဏ်နဲ့ သဗ္ဗညုတဥာဏ် အထွပ်တပ်သဖြင့် အရဟတ္တဖိုလ်ပေါက် မျက်မှောက်ပြုတော်မူခဲ့ပါတယ်။ ဒါ့အပြင် ဝေါဟာရများစွာကို သူမတူအောင် ကျွမ်းကျင်တော်မူကာ၊ နည်းအမျိုးမျိုးတို့ဖြင့် ပါဠိရဲ့နက်နဲခြင်း၊ အနက်ရဲ့နက်နဲခြင်း၊ ဒေသနာရဲ့နက်နဲခြင်း၊ ထိုးထွင်းသိမှု ဉာဏ်ပညာရဲ့ နက်နဲခြင်းဆိုတဲ့ နက်နဲခြင်းလေးပါးနဲ့ ပြည့်စုံတဲ့ တရားတော်များကို သတ္တ၀ါတို့ရဲ့အလိုအားလျော်စွာ ဟောကြားတော်မူပြီး၊ နိဗ္ဗာန်တိုင်အောင် ပို့ဆောင်တော်မူနိုင်တဲ့ အတုမရှိပုဂ္ဂိုလ်မှာ သမ္မသမ္ဗုဒ္ဓ သဗ္ဗညုမြတ်စွာဘုရား ဖြစ်တော်မူကြပါတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:

Post a Comment