Saturday, September 3, 2011

ဂရုကံကြောင့်သေရင် အပါယ်တန်းကျပါသလား

အမေး။ ။ အကုသိုလ်ဂရုကံ ကျူးလွန်သူများဟာ ဒီဘ၀မှာ မဂ်ဖိုလ်မရနိုင်ဘူးလို့ သိထားပါတယ်ဘုရား၊ ကျူးလွန်သူဟာ လက်ရှိဘ၀မှသေပြီး အခြားမဲ့မှာ အပါယ်ငရဲ တန်းကျတာလားဘုရား။ လွန်ခဲ့တဲ့ အတိတ်ဘ၀က ကျူးလွန်ခဲ့မယ်ဆိုရင် ယခုလက်ရှိဘ၀ကနေ ကွယ်လွန်တဲ့အခါ အပါယ်တန်းကျနိုင်ပါသလားဘုရား။



မရီမော်အိ

မဲဆောက်



အဖြေ။ ။ ဂရုကံကျူးလွန်မိရင် ကျူးလွန်တဲ့သူဟာ သေပီးရင် အပါယ်ငရဲမှာ တန်းဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်တော်က အဇာတသတ်မင်းကို ကြည့်ပါ။ သူဟာဖခင်ကို သတ်ခဲ့တဲ့ ဂရုကံ ကျူးလွန်ခဲ့ပါတယ်။ နောက်ပိုင်း ဘုရားရှင်အား ကြည်ညိုလွန်းလို့ သူမတူအောင် သာသနာပြုခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း ပဌမသင်္ဂါယနာတင်တဲ့ နေရာမှာလည်း ပစ္စည်းလေးပါး အထောက်အပံ့ကို သူမတူအောင် စွမ်းစွမ်းတမံ ထောက်ပံ့ပြီး သာသနာပြုတော်မူခဲ့ပါတယ်။ ဒါပေမဲ့ အဖသတ်တဲ့ ဂရုကံကျူးလွန်ခဲ့တဲ့ အဇာတသတ်ဟာ သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲမှာ ကျခံခဲ့ရပါတယ်။



အရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်အား ပြစ်မှားကျူးလွန်ခဲ့တဲ့ ဂရုကံကြောင့် သေခါနီး နောင်တရကာဘုရားရှင်အား သူ့ရဲ့ခန္ဓာကိုယ်ဖြင့် ပူဇော်ကန်တော့ကာ ၀န်ချခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံးတော့ သူကျူးလွန်ခဲ့တဲ့ ဂရုကံက သူ့ကို အ၀ီိစိငရဲကို ဆွဲခေါ်သွားခဲ့ပါတယ်။



စိဉ္စမာဏအမျိုးသမီးဟာလည်း ဘုရားရှင်အား မဟုတ်တရားစွတ်စွဲခဲ့တဲ့ ဂရုကံကြောင့် မြေမျိုခံရပြီး အ၀ီစိငရဲမှာ ကျခံခဲ့ရပါတယ်။



ဘုရားရှင်ရဲ့ ဘထွေးတော်စပ်သူလဲဖြစ်တဲ့အပြင် ဘုရားလောင်းတော်ဘ၀ ယောက္ခမလည်း တော်စပ်ခဲ့ဖူးတဲ့ သုပ္ပဗုဒ္ဓမင်းကြီးဟာ “ငါ့သမီးကို ယူပြီးတော့ ပစ်ထားခဲ့တယ်။ အခုတခါ ငါ့သား ရှင်ဒေ၀ဒတ်ကိုလည်း ရန်သူလိုသဘောထားတယ်”ဆိုပြီး ဘုရားရှင်အား ရန်ညိုးဖွဲ့ကာ ပြစ်မှားခဲ့တဲ့အတွက်ကြောင့် မြေမျိုခံရပြီးနောက် အ၀ီစိငရဲသို့ ရောက်ခဲ့ရပါတယ်။



အထက်ပါ အဖြစ်အပျက်များကိုကြည့်ရင် ဂရုကံကျူးလွန်သူများဟာ ယခုလက်ရှိဘ၀ တရားအားထုတ်လို့ မဂ်ဖိုလ်မရနိုင်တဲ့အပြင် သေလွန်တဲ့အခါ အပါယ်ငရဲကို သေချာပေါက် သွားရပါတယ်။ လွန်ခဲ့တဲ့ အတိတ်ဘ၀က ဂရုကံကျူးလွန်ခဲ့တယ်ဆိုတာ သေချာမယ်ဆိုရင် ဒီဘ၀ လူလာမဖြစ်နိုင်ပါဘူး။ အပါယ်ငရဲကိုပဲ တန်းကျမှာပါ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



No comments:

Post a Comment