Sunday, September 4, 2011

လူတို့ရဲ့ အရိုးကို စေတီတည်ကောင်းပါသလား

အမေး။ ။ အရှင်ဘုရား ရုပ်ရှင်မင်းသားတစ်ဦးရဲ့ အရိုးပြာနဲ့ စေတီတည်မယ်လို့ကြားမိပါတယ်။ အဲ့ဒါပုတုဇဉ်လူသားတစ်ဦးရဲ့ အရိုးပြာနဲ့စေတီတည်ကောင်းပါသလားဘုရား။



ပိုင်မင်းဦး

USA





အဖြေ။ ။ လောကမှာ စေတီတည်ပြီး ကိုးကွယ်သင့်တဲ့ပုဂ္ဂိုလ် (၄)မျိုးရှိပါတယ်။ သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ စကြာဝတေးမင်းတို့ ဖြစ်ပါတယ်။ ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အတွက် ထားပါတော့၊ လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့ စကြာဝတေးမင်းက ဘာပြုလို့ စေတီတည်ပြီး ကိုးကွယ်သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါက လူတို့ရဲ့ စီးပွားချမ်းသာမှုကို ဆောင်ရွက်ပေးနိုင်ပြီး တရားနဲ့အညီ အုပ်ချူပ်မင်းလုပ်နေသူလည်းဖြစ်ပါတယ်။ လောကမှာ စကြာဝတေးမင်းဟာ တစ်ဦးသာဖြစ်တဲ့အတွက် အံ့သြဖွယ်ရာလည်းဖြစ်၊ ထူးခြားတဲ့အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စေတီတည်ပြီး ကိုးကွယ်သင့်တဲ့အထဲမှာ စကြာဝတေးမင်းတစ်ဦးလည်း အပါအ၀င်ဖြစ်ပါတယ်။ (ဒီ၊ ၂၊ ၁၁၇-၈။ အံ၊၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊ ၂၊ ၅၁)



ယခုအခါ ပုထုဇဉ်ရဟန်းတော်များ ဆရာတော်များအား “အရိုးအိုးစေတီ” တည်ထားကြတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များရဲ့ အရိုးကို အရိုးအိုးစေတီအဖြင့် တည်ထားဖို့ဘုရားရှင်က ခွင့်ပြုခဲ့မယ်ဆိုရင် သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များ မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။



ပုထုဇဉ်အရှင်မြတ်များ ပျံတော်မူတဲ့အခါ အရိုးအိုးစေတီတည်ကြမယ်ဆိုရင် နေရာအနှံ့ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှပါတယ်။ ဒီလိုသာဆိုရင် လူတွေ ကိုးကွယ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဘုရားရှင်က သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ ပျံတော်မူရင် အရိုးအိုးစေတီတည်ထားဖို့ အခွင့်မပေးခဲ့ပါဘူး။ (အံ၊ဋ္ဌ၊၂၊၅၁) လူသာမာန်ဆိုရင်တော့ ဆိုဘွယ်ရာ မရှိတော့ပါ။



ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ



No comments:

Post a Comment