Monday, September 19, 2011

ဒါနပြုရာမှာ မဂ္ဂင်ရှစ်ပါး ပါသလား

အမေး။ ။ ဘုန်းဘုန်းဘုရား မဂ္ဂင်ရှစ်ပါးကို အကျဉ်းခြုံးလိုက်ရင် သီလ၊ သမာဓိ၊ ပညာလို့ တပည့်တော် သိထားပါတယ်ဘုရား။ ဒါဖြင့် မဂ္ဂင်ရှစ်ပါးထဲမှာ ဒါန မပါဘူး ဖြစ်နေပါတယ်ဘုရား။ တပည့်တော်သိချင်တာက ဒါနဟာ မဂ္ဂင်ရှစ်ပါးထဲပါမပါ သိချင်ပါတယ်ဘုရား။ တပည့်တော်တွေးသလို တချို့လည်း တွေးမိကြလိမ့်မယ် ထင်တယ်ဘုရား၊ ဒါကြောင့် အားလုံး သိအောင် ဖြေကြားပေးစေချင်ပါတယ်ဘုရား။

အဖြေ။ ။ ဒါနပြုတဲ့အခါမှာ စဉ်းစားတွေးခေါ်တဲ့ အသိဉာဏ်လိုပါတယ်။
(၁) ။ ဒါနတစ်ခုပြုတဲ့အခါမှာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတဲ့ ကမ္မဿကတသမ္မာဒိဋ္ဌိဉာဏ် ရှိရပါ့မယ်။ ဒါနပြုတဲ့နေရာမှာ ကံနဲ့ကံရဲ့ အကျိုးကိုသိမြင်ရင် မှန်ကန်စွာသိမြင်တာဖြစ်တဲ့အတွက် သမ္မာဒိဋ္ဌိမဂ္ဂင်ပါ။ ဒါ့အပြင် နိဗ္ဗာန်ကို ဦးတည်ပြီး ဒါနပြုတဲ့အတွက်လည်း သမ္မာဒိဋ္ဌိမဂ္ဂင် ပိုပြီးပြည့်စုံသွားပါတယ်။

(၂) ဒါနပြုတဲ့နေရာမှာ ကိုယ်ပြုမဲ့ ကောင်းမှုနဲ့ပတ်သက်ပြီး ဒါနပွဲ “အောင်မြင်ဖို့အတွက် ဘယ်လိုလုပ်ရင်မကောင်းမလဲ”ဆိုပြီး ဒါနနဲ့စပ်တဲ့ ကြံစည်မှုတွေ ရှိကြမှာပါ။ ကောင်းမှုနဲ့ ပတ်သက်ပြီး ကြံစည်တာဟာ မှန်ကန်သော ကြံစည်မှုဖြစ်တဲ့အတွက် သမ္မသင်္ကပ္ပမဂ္ဂင်ထဲ အကြုံးဝင်သွားပါတယ်။ (ပညာမဂ္ဂင်၂ပါး)

(၃) ဒါနနဲ့စပ်ပြီး အချင်းချင်း ပြောဆိုတဲ့အခါမှာ ကောင်းတဲ့မှန်ကန်တဲ့စကားပဲ ပြောဆိုမိကြမှာပါ။ ဒါကြောင့် သမ္မ၀ါစာ မည်ပါတယ်။

(၄) ဒါနပြုခြင်းဟာ ကောင်းတဲ့ အပြုအမူဖြစ်တဲ့အတွက် သမ္မာကမ္မန္တမဂ္ဂင်ပါ။

(၅) ဒါနပြုတဲ့အခါ မိမိလှူတဲ့ ပစ္စည်းဝတ္တုများက တရားသဖြင့် ရှာဖွေထားတဲ့ အလှူပစ္စည်းဖြစ်ရပါမယ်။ တရားသဖြင့် ရှာဖွေထားတဲ့ပစ္စည်းကို ပေးလှူရတဲ့အတွက် သမ္မာအာဇီဝ မဂ္ဂင်ထဲ ပါသွားပါတယ်။ ဒီသုံးပါးက သီလမဂ္ဂင်ပါ။ (သီလမဂ္ဂင်နဲ့ပတ်သက်ပြီး ဒါနမပြုခင် သီလနဲ့ အရောင်တင်ထားဖို့ လိုပါတယ်။ ဒါဆိုရင် သီလမဂ္ဂင်ထဲ ပါဝင်နေမှာပါ။)

(၆) ဒါနပြုဖို့အတွက် ကြောင့်ကြစိုက်လုံ့လစိုက်ရပါမယ်။ အားထုတ်ရပါမယ်။ ကောင်းမှုနဲ့ပတ်သက်ပြီး လုံ့လစိုက်ရ၊ အားထုတ်ရတဲ့အတွက် သမ္မာဝါယမမဂ္ဂင် မည်ပါတယ်။

(၇) မိမိပြုတဲ့ဒါနကို ပြန်လည်အမှတ်ရနေခြင်းသည် ကောင်းတဲ့ အမှတ်ရမှုဖြစ်တဲ့အတွက် သမ္မာသတိ မည်ပါတယ်။

(၈) ဒါနပြုတဲ့အခါ မိမိစိတ်ဟာ ဒါနပြုတဲ့ အာရုံအပေါ်မှာပဲ တည်တည်ကြည်ကြည် ဖြစ်နေတယ်။ စိတ်ကိုလည်း တစ်ခြားအာရုံသို့ မရောက်အောင် သတိထားပြီး စိတ်ကို ဒါနအာရုံထဲ နစ်ထားရပါမယ်။ ဒါဟာ ကောင်းစွာ တည်ကြည်ခြင်းလို့ခေါ်တဲ့ သမ္မာသမာဓိမဂ္ဂင် မည်ပါတယ်။

အချူပ်ဆိုရရင် ဒါနပြုတဲ့အခါမှာ မဂ္ဂင်ထဲပါဝင်နေပါတယ်၊ ပါဝင်အောင်လည်း ဆိုခဲ့ပြီးတဲ့အတိုင်း ဒါနပြုတတ်ဖို့ လိုအပ်ပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:

Post a Comment