Tuesday, September 27, 2011

အိန္ဒိယမှာ ဘာ့ကြောင့်သာသနာကွယ်ခဲ့လဲ

အမေး။ ။ အရှင်ဘုရား…တပည့်တော်တို့ ဂေါတမရှင်တော်မြတ်ဘုရား ပွင့်တော်မူခဲ့တဲ့ အိန္ဒိယစတဲ့ မဇ္ဈိမဒေသမှာ အဘယ့်ကြောင့် သာသနာတော်ကြီး ကွယ်လုကွယ်ခင် ဖြစ်ခဲ့ရတာလဲဘုရား။

လင်းလင်း။ ထိုင်ဝမ်


အဖြေ။ ။ လင်းလင်းရေ…..မဇ္ဈိမဒေသမှာ အဘယ့်ကြောင့် သာသနာတော် ကွယ်ခဲ့ရတာလဲဆိုရင် ပရိယတ္တိအားထုတ်မှု၊ ပဋိပတ္တိအားထုတ်မှု မရှိတဲ့အတွက် သာသနာတော်ကြီး ကွယ်ခဲ့ရတယ်လို့ပဲ ပြောရပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး သာသနာကွယ်ကြောင်းကိုပြောရရင် ရဟန်းတော်များ စာပေပရိယတ္တိ သင်ကြားမှုမရှိတော့၊ တကယ်လို့ သင်ကြားစေဦးတော့ သဒ္ဓါ ၀ီရိယ သတိ သမာဓိ ပညာများ အားနည်းလာမှုကြောင့် စာပေသင်ကြားမှု အားနည်းလာခြင်း၊ စာချပေးမှု နည်းပါးလာရာကနေ လုံးဝမရှိတော့ခြင်းတို့ ဖြစ်တယ်။ ဆရာသမားတို့ရဲ့အဆုံးအမကို လိုက်နာမှုမရှိဘဲ ပြောဆိုဆုံးမရခက်ခြင်းနှင့် ပရိယတ္တိစာပေများကို သင်ကြားပေမယ့်လို့ တရားတော်လာအတိုင်း အားထုတ်မှု မရှိတော့ခြင်းတို့ ဖြစ်တယ်။ ဒါ့အပြင် ရဟန်းတော်များ လာဘ်လာဘ ပေါများအောင် ဖန်တီးလာကြပါတယ်။ အဲဒီမှာ ဘုရားမကြိုက်တဲ့ ဆေးဝါးကုသမှု၊ ဗေဒင်ဟောမှု၊ ဓာတ်ရိုက်ဓါတ်ဆင်ပြုလုပ်ပေးမှု အခါပေးအလုပ်များ ပြုလုပ်ပေးမှု၊ ဂန္ဓာရီအတတ်မျိုးစုံကို သင်ကြားပြီး ထိုအတတ်တို့ကို လက်တွေ့အသုံးချကြခြင်းစတဲ့ အလုပ်များကို လုပ်လာကြတာဟာ သာသနာကွယ်ဖို့ ဖြစ်လာတာပါပဲ။

အိန္ဒိယမှာ သာသနာကွယ်လုကွယ်ခင်ဖြစ်သွားတဲ့ အနေအထားကို ပြောမယ်ဆိုရင် သာသနာနှစ် (၂၀၀)ကျော်က မောရိယအင်ပါယာကို ပိုင်ဆိုင်ခဲ့တဲ့ သိရီဓမ္မာသောကမင်းကြီး အုပ်စိုးခဲ့တဲ့ ခေတ်ကာလကို ပြန်ပြောင်းပြောရပါလိမ့်မယ်။ သိရီဓမ္မာသောကမင်းလက်ထက် နန်းတော်ထဲရှိ အချို့သော မူးမတ်များဟာ ဗြဟ္မဏဘာသာဝင် ဂျိန်းဘာသာဝင်များဖြစ်ခဲ့ကြတယ်။ မင်းကြီး ဘုန်းတန်ခိုးတောက်ပအချိန်မှာ ဗြဟ္မဏ၀ါဒီများနှင့် ဂျိန်းဘာသာဝင်များဟာ မေးမှိန်နေတာပေါ့၊ မင်းကြီးဟာ သေလောက်တဲ့ရောဂါဖြင့် အိပ်ရာထဲလှဲနေတဲ့အခိုက် သားတော်ကုဏာလရဲ့သား (မြေးတော်စပ်သူ) သမ္ပဒီမင်းသားက အာဏာသိမ်းလိုက်တယ်။ မင်းကြီးရဲ့သားတော် ကုဏာလမင်းသားကို ဂျိန်းဘာသာဝင်၊ ဗြဟ္မဏဘာသာဝင်များက အားပေး ထောက်ခံလျက်ရှိပါတယ်။ ထိုမင်းသားကိုယ်တိုင်ကလည်း ဂျိန်းဘာသာဝင်အဖြစ်ကို ခံယူခဲ့ပါတယ်။ ကုဏာလမင်းသားနည်းတူ သူ့ရဲ့သားဖြစ်တဲ့ သမ္ပဒီမင်းသားဟာလည်း ဂျိန်းဘာသာဝင်ဖြစ်ခဲ့ရတယ်။ သီရိဓမ္မာသောကမင်းကြီး နတ်ရွာစံပြီးနောက်ပိုင်းမှာ တိုင်းပြည်အုပ်ချုပ်နေတဲ့မင်းက ဂျိန်းဘာသာဝင်ဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာများကို အားပေးထောက်ပံ့မှုမရှိတော့ပါ။

အဲဒီကနေ အသောကမင်းကြီးရဲ့နောက်က မင်း(၆)ဆက်မြောက်မှာ သုင်္ဂပုရှာမိတြလို့ခေါ်တဲ့ ဗြဟ္မဏစစ်သူကြီးက သုင်္ဂမင်းဆက်ကို ထည်ထောင်ခဲ့တယ်။ ဒီမင်းဟာ ဗြဟ္မဏ၀ါဒကို အားပေးတဲ့အတွက် တိုင်းပြည်မှာ သားကောင်များသတ်ပြီး ယဇ်ပူဇော်မှုကို တရားဝင်ခွင့်ပြုလိုက်ပါတယ်။ ဗြဟ္မဏ၀ါဒစာပေများကိုလည်း အသစ်တဖန်ပြန်လည် ရေးသားစေပြီး ဗြဟ္မဏ၀ါဒထွန်းကားအောင် လုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ ဗြဟ္မဏ၀ါဒီများက ဗုဒ္ဓဘာသာကိုဦးတည်ပြီး အထူးတလည် တိုက်ခိုက်ခဲ့တယ်။ ဗုဒ္ဓသာသနာ့ဝန်ထမ်းများကို လိုက်လံသတ်ဖြတ်ကာ ဗုဒ္ဓ၀ါဒအမြစ်ပြုတ်အောင် တိုက်ခိုက်ခဲ့ကြတဲ့အတွက် ဗုဒ္ဓဘာသာရဟန်းတော်များ မဇ္ဈိမဒေသမှာမနေနိုင်တော့ဘဲ နယ်စွန်အဖျားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်။

ဒါဟာ မဇ္ဈိမဒေသမှာ ဗုဒ္ဓသာသနာ ကွယ်လုကွယ်ခင် ဖြစ်ခဲ့ရတဲ့အကြောင်းပဲဆိုတာ ဖြေကြားပေးလိုက်ပါတယ်။ မကြာသေးမီက သတင်းတစ်ပုဒ်ကို နောက်ဆက်တွဲ ဖေါ်ပြလိုက်ပါတယ်။ နိပေါလ်နိုင်ငံမှာ နွားတွေကိုသတ်ပြီး ယာဇ်ပူဇော်မှု မပြုလုပ်ရဆိုတဲ့ တားမြစ်ချက်ကို နိပေါလ်အစိုးရက ထုတ်ပြန်တော့ တိုင်းသူပြည်သားတွေက ထိုတားမြစ်ချက်ကို သဘောမတူတဲ့အတွက် ကန့်ကွက်ဆန္ဒပြကြတယ်လို့ ပြောပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

1 comment:

  1. မွတ်ဆလင်တူ၇ကီအင်ပါယာနဲ့မွန်ဂိုအင်ပါယာတွေရဲ့ကျူးကျော်မှူမှာမွတ်ဆလင်ဘာသာကိုအတင်းအဓမ္မလူသတ်မုဒိန်းကျင့်မိန်းမများကိုသိမ်းယူနည်းနဲ့ဗြဟ္မဏေ၇ာအချေမှုန်းခံခဲ့ရာတာကလည်းတကယ့်ပွဲကြီးပါပဲ၇ဟန်းများစွာအသတ်ခံ၇ပြီးစာပေတွေမီးရှို့ခံ၇ကာသီရိလကာင်္အရပ်ကိုထွက်ပြေးကြရပါတယ်

    ReplyDelete