Tuesday, September 6, 2011

စိတ်ချင်းမတူတာ ဘာကြောင့်လဲ

အမေး။ ။ လူအချင်းချင်း ဘာကြောင့် စိတ်ဓါတ်ချင်း မတူရတာလဲ။ ဘ၀ဆက်တိုင်း စိတ်တွေက အတူတူပဲလား။

ခင်ဖုန်းမြင့်
မြိတ်ကွန်ပျူတာတက္ကသိုလ်

အဖြေ။ ။ လူအချင်းချင်း စိတ်ဓါတ်ချင်းမတူတာဟာ အတိတ်ဘ၀က ကံတရားကြောင့်ရယ်၊ ဒီဘ၀ဖြစ်လာရတဲ့ ပတ်ဝန်းကျင်ကြောင့်ရယ်လို့ ပြောရပါလိမ့်မယ်။ သတ္တ၀ါတွေဟာ အတိတ်ဘ၀ ကံတရားတွေကြောင့် ယခုဘ၀မှာ အမျိုးမျိုးအဖုံဖုံ လာဖြစ်ကြပါတယ်။ လူဘ၀ရလာတဲ့အခါ တံငါနားနီးတော့တံငါ ဖြစ်ကြရသလို၊ မုဆိုးနားနီးတော့ မုဆိုးဖြစ်ကြတယ်၊ ကိုယ်ကျင်လည်ရ ဖြစ်ရတဲ့ ပတ်ဝန်းကျင်နဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ ပတ်ဝန်းကျင်ကြောင့် စိတ်မတူကြတာတော့ ထင်ရှားတဲ့အတွက် မဖေါ်ပြတော့ဘူး၊ အတိတ်ကံတရားကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူကြတာတော့ ရှင်းပြရလိမ့်အုံးမယ်။

ဘုရားရှင်လက်တော်က ရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်အား နည်းအမျိုးမျိုးနဲ့ ပြစ်မှားခဲ့ပါတယ်။ ဒီလိုကြမ်းတမ်းတဲ့အပြုအမူတွေ ဖြစ်လာရတာဟာ အတိတ်ဘ၀များစွာမှာ ရှင်ဒေ၀ဒတ်လောင်းက ဘုရားအလောင်းတော်ကို အမျိုးမျိုးအဖုံဖုံနဲ့ပျက်စီးအောင် ပြုလုပ်ခဲ့ဖူးတဲ့အလေ့အကျင့်ကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှားနေပါတယ်။ မြတ်စွာဘုရားလက်ထက်တော်က ပိလိန္ဒ၀စ္ဆဆိုတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။ ထိုမထေရ်ဟာ ကျောင်းမှာပဲဖြစ်စေ၊ အရပ်ထဲ၊ ရွာထဲဖြစ်စေ သူနှင့်ရင်ဆိုင်တွေ့တဲ့ ဆင်းရဲ၊ချမ်းသာ ပုဂ္ဂိုလ်မှန်သမျှကို “ဟဲ့..သူယုတ်မာ…..လာလော့၊ ဟဲ့..သူယုတ်မာ…….သွားလော့” (ဧဟိ ၀သလိ……ယာဟိ ၀သလိ)လို့ မြင်သမျှလူတွေကို ပြောဆိုနုတ်ဆက်တော့တာပဲ။ ထိုအကြောင်းကို ကြားရဖန်များတဲ့ ရဟန်းတော်များက မြတ်စွဘုရားအား သွားလျှောက်ပါတယ်။ မြတ်စွာဘုရားက ပိလိန္ဒ၀စ္ဆမထေရ်ကိုခေါ်ပြီး “ချစ်သား….ဒီလို ပြောတယ်ဆိုတာ မှန်ပါသလား” လို့မေးတော်မူသောအခါ မထေရ်က “မှန်ပါတယ်ဘုရား”လို့ လျှောက်ထားပါတယ်။

သို့နှင့် မြတ်စွာဘုရားရှင်က ပိလိန္ဒ၀စ္ဆရဲ့ ရှေးကဖြစ်ခဲ့တဲ့ဘ၀တွေကို ပြန်ပြီးဆင်ခြင်တဲ့အခါ ထိုမထေရ်ဟာ ဘ၀ငါးရာတိုင်တိုင် ဗြဟ္မဏအမျိုးမှာဖြစ်ပြီး “သူယုတ်မာ”ဆိုတဲ့စကားကို ပြောဆိုခဲ့တဲ့အတွက်ကြောင့် ယခုဘ၀မှာ ရဟန္တာဖြစ်သော်လည်း လူအများကိုခေါ်ရင် သူယုတ်မာလို့ ခေါ်လေ့ရှိတာကို သိမြင်တော်မူပါတယ်။ ဒါဟာ အတိတ်ကပြုခဲ့တဲ့ ကံတရားရဲ့ အလေ့အကျင့် အထုံဝါသနာကြောင့် ယုခဘ၀မှာ သူယုတ်မာဆိုတဲ့စကားလုံး ပြောဆိုသုံးနှုန်းခဲ့တာပါ။

ဒီလိုပါပဲ လူတွေဟာ အတိတ်ဘ၀များစွာက ပြုလုပ်ခဲ့တဲ့အလေ့အကျင့် အထုံဝါသနာအမျိုးမျိုးကြောင့် ယခုဘ၀ လူဖြစ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းမတူတော့ဘဲ အမျိုးမျိုးအဖုံဖုံ ကွဲပြားနေရပါတယ်။ နောက်တစ်ခုက စိတ်ဟာ ဘ၀ဆက်တိုင်း အတူတူလားဆိုတော့ မတူပါဘူး၊ ဘ၀ဆက်တိုင်းမပြောနဲ့ တစ်ဘ၀ထဲကိုပဲကြည့် ခဏလေးအတွင်းမှာ ဖြစ်ခဲ့ပြီးတဲ့စိတ်နဲ့ အခုဖြစ်ဆဲစိတ် မတူပါဘူး၊ တော်ကြာ လိုချင်စိတ်၊ တော်ကြာ အလိုမကျစိတ်၊ တော်ကြာဝမ်းသာစိတ်စတဲ့ စိတ်အမျိုးမျိုးဟာ အချိန်နဲ့အမျှ ပြောင်းလဲနေပါတယ်ဆိုတဲ့အကြောင်း ဖြေကြားပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:

Post a Comment