Tuesday, September 6, 2011

ရုပ်အစစ်မဟုတ်တဲ့ ရုပ်တရားအတု

အမေး။ ။ အရှင်ဘုရား ရုပ်အတု (၁၀)ပါး ရှိတယ်လို့ ဖတ်ရပါတယ်ဘုရား။ ဒီရုပ်အတု (၁၀)ပါး ပေါ်ကို လက္ခဏာရေး(၃)ပါးတင်ပြီး ဝိပဿနာ မရှုကောင်းလို့ဆိုပါတယ်ဘုရား။ ဘာကြောင့် မရှုကောင်းတာလဲဆိုတာ သိချင်ပါတယ်ဘုရား။

ထွန်းလင်းကြည်
ပျဉ်းမနား

အဖြေ။ ။ ရုပ်အစစ်မဟုတ်တဲ့ ရုပ်တရားများလောက်သာ ဖြေမယ်ဆိုရင် ဒီအဖြေဟာ လုံလောက်မယ် မထင်ပါ။ ရှင်းသွားအောင် ဖြေပေးပါ့မယ်။ သည်းခံပီး ဖတ်ပေးစေလိုပါတယ်။ ရုပ်တရား(၂၈)ပါးရှိပါတယ်။ ထိုရုပ်များအနက် ရုပ်(၁၈)ပါးကို သဘာဝရုပ်၊ သလက္ခဏရုပ်၊ နိပ္ဖန္နရုပ်၊ ရူပရုပ်၊ သမ္မာသနရုပ်လို့ ခေါ်ပါတယ်။ ထိုရုပ်(၁၈)ပါးဟာ အနိစ္စစတဲ့ လက္ခဏာရှိတဲ့အတွက် သလက္ခဏရုပ်လို့ခေါ်သလို ၀ိပဿနာစီးဖြန်းတဲ့ ယောဂီပုဂ္ဂိုလ်များဟာ အနိစ္စစတဲ့ လက္ခဏာရှိတဲ့ ထိုနိပ္ဖန္နရုပ်(၁၈)ပါးကို အာရုံပြုပြီး မမြဲ၊ ဆင်းရဲ၊ အစိုးမရလို့ ဉာဏ်နဲ့ သုံးသပ်ကောင်းသောကြောင့် သမ္မာသနရုပ်လို့လည်း ခေါ်ပါတယ်။

ဖေါက်ပြန်ခြင်းသဘောရှိတဲ့အတွက် ရူပရူပ် (ရုပ်အစစ်)လို့လည်း ခေါ်ပါတယ်။ အာကာသဓါတ်လို့ဆိုတဲ့ ပရိစ္ဆေဒရုပ်စတဲ့ ရုပ်တရား(၁၀)ပါးကို အရူပရူပလို့ခေါ်ပါတယ်။ အဓိပ္ပါယ်က ဖေါက်ပြန်ခြင်းမရှိတဲ့အတွက် ‘အရူပရူပ’ လို့ခေါ်ပါတယ်။ (ရုပ်မဟုတ်တဲ့ရုပ်) ရုပ်အတု လို့လည်း ခေါ်လို့ရပါတယ်။ ဒါဖြင့် ရုပ်တရားအစစ်မဟုတ်ပါပဲနဲ့ ဘာ့ကြောင့် ရုပ်တရားလို့ ခေါ်ရတာလဲ၊ ဘာ့ကြောင့်ရုပ်တရားထဲ ထည့်သွင်းထားရတာလဲလို့ မေးစရာရှိတယ်။

ဒီအာကာသဓါတ်စတဲ့ အနိပ္ဖန္နရုပ်များကို ရုပ်တရားလို့ ခေါ်ထားရတဲ့အကြောင်းက ဖေါက်ပြန်တတ်တဲ့ ရုပ်အစစ်နဲ့ ပူးတွဲပါလာတဲ့အတွက်ကြောင့် အ၀ိနာဘာဝနည်း (တနွယ်ငင် တစင်ပါနည်း)ဖြင့် ဖေါက်ပြန်တတ်တဲ့ သတ္တိမရှိပါဘဲ ဖေါက်ပြန်တတ်တဲ့ သတ္တိရှိသလိုတင်စားပြီး တဒ္ဓမ္မူစာရအားဖြင့် ရူပလို့ ခေါ်ဝေါ်ရခြင်း ဖြစ်ပါတယ်။

ဥပမာ လက်ညိုးနှစ်ချောင်းထောင်လိုက်တဲ့အခါ လက်ညိုးနှစ်ချောင်းရဲ့အလယ်မှာ ပိုင်းခြားထားတဲ့ အာကာသဓါတ်ဆိုတာရှိတယ်။ ဒီအာကာသဓါတ်ဆိုတဲ့ ပရိစ္ဆေဒရုပ်ဟာ လက်ညိုးနှစ်ချောင်းဆိုတဲ့ ရုပ်အစစ်နဲ့အတူ ပူးတွဲပြီးလာတဲ့အတွက် ရုပ်အစစ်မဟုတ်သော်လည်း ရုပ်လို့ခေါ်ဝေါ် သုံးနှုံးရပါတယ်။

မေးခွန်းရှင်မေးထားတာလေးကို ဖြေပါ့မယ်။ ရုပ်အတု(၁၀)ပါးကို ဘာ့ကြောင့် ၀ိပဿနာမရှုကောင်းတာလည်းဆိုရင် ဒီရုပ်အတု(၁၀)ပါးဟာ ဖေါက်ပြန်ခြင်းသဘောလည်းမရှိ လက္ခဏာလည်းမရှိတဲ့အတွက်ကြောင့် ၀ိပဿနာဉာဏ်ဖြင့် မသုံးသပ်ကောင်း၊ ၀ိပဿနာ မရှုထိုက်ပါဆိုတဲ့အကြောင့် ဖြေကြားပေးလိုက်ပါတယ်။ (သဂြိုလ်ဘာသာဋီကာ၊ နှာ၊ ၄၇၀)

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:

Post a Comment