Tuesday, September 13, 2011

ပုဗ္ဗနိမိတ်ငါးပါးကို နတ်တိုင်းမြင်ရပါသလား။

အမေး။ ။ ဘုန်းဘုန်း……သုဗြဟ္မာနတ်သားဟာ နတ်သမီး(၁၀၀)ခြံရံပြီး နန္ဒ၀ံဥယျာဉ်တော်ကို သွားကြပါတယ်။ နတ်သမီး(၅၀၀)က အပင်ပေါ်တက်ကာ သီချင်းဆိုပြီး ပန်းများခူးနေကြတယ်။ နတ်သမီး(၅၀၀)က အပင်အောက်ရောက်လာတဲ့ ပန်းပွင့်များကို သူတို့သခင်နတ်သားအတွက် ပန်းသီကုန်းနေကြတယ်။ ရုတ်တရက် အပင်ပေါ်ရှိမှ သီချင်းဆိုသံများ တိတ်ဆိတ်သွားပါတယ်။ အပင်ပေါ်ကြည့်လိုက်တော့ နတ်သမီး(၅၀၀)ပျောက်နေတာကို တွေ့ရတယ်။ သုဗြဟ္မာနတ်သားက နတ်တို့ မျက်စိနဲ့ ကြည့်တဲ့အခါမှာ အပင်ပေါ်က နတ်သမီး (၅၀၀) စုတိပျက်ကြွေ သေဆုံးပြီး အ၀ီစိငရဲကျသွားတာ မြင်ရတယ်။

ဆိုလိုတာက တစ်နေရာမှာ နတ်တို့စုတိ(သေ)တော့မယ်ဆိုရင် နတ်တို့ရဲ့ ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်တွေ့ရတတ်ပါတယ်လို့ ဖတ်ရပါတယ်။ ဒါဆိုရင်ခုနင်က အပင်ပေါ် နတ်သမီးများကျတော့ သီချင်းဆိုပြီး ရုတ်တရက် စုတိ(သေ)သွားတဲ့အတွက် ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်သိမြင်မဲ့ ပုံမပေါ်ပါဘူး။ တကယ်လို့ ကြိုတင်သိမြင်နေရင် ပျော်ပီး သီချင်းသီဆိုနေမှာလဲ မဟုတ်ဘူး။ ဒီနတ်သမီးငါးရာကတော့ စုတိ(သေ)မှာကို ကြိုတင်မသိနိုင်ဘူးလို့ ယူဆမိပါတယ်။ ဒါဆိုရင် နတ်တိုင်း ပုဗ္ဗနိမိတ်ငါးမျိုးကို ကြိုတင်သိနိုင်ပါသလားဆိုတာ ဖြေကြားပေးတော်မူပါဘုရား။
မဓမ္မစာရီ
ရန်ကုန်


အဖြေ။ ။ နတ်တို့ စုတေ(သေ)ခါနီးမှာ ပုဗ္ဗနိမိတ်ငါးမျိုး ဖြစ်ပေါ်လာကြတယ်ဆိုရာမှာ နတ်တိုင်း နတ်တိုင်းဖြစ်တယ်လို့ မှတ်ယူလို့ မရပါ။ ဥပမာ လူ့ပြည်မှာ ဘုန်းတန်ခိုးကြီးမားကြတဲ့ မင်း၊ အမတ်၊ စတာတွေမှာသာ သေခါနီး ဥက္ကာကျခြင်း၊ မြေငလျင်လှုပ်ခြင်း၊ လ၊ နေကြတ်ခြင်းစတာတွေ ဖြစ်ပေါ်ကြပါတယ်။ ဒီလိုပါပဲ နတ်ပြည်လောကမှာလဲ ဘုန်းကံ၊တန်ခိုး ကြီးမားကြတဲ့ နတ်သား နတ်သမီးတွေမှာသာ ပုဗ္ဗနိမိတ်ငါးမျိုး ဖြစ်ပေါ်ကြတယ်လို့ မှတ်ယူရပါ့မယ်။ ဘုန်းကံတန်ခိုးသေးငယ်တဲ့ နတ်သား၊ နတ်သမီးများမှာတော့ နတ်တို့ရဲ့ ပုဗ္ဗနိမိတ် ငါးမျိုးတို့ မဖြစ်ပေါ်နိုင်ကြောင်း ဖြေကြားပေးလိုက်ရပါတယ်။ (မဟာဗုဒ္ဓ၀င်၊ဒု၊ အနုဒီပနီ)

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:

Post a Comment