Monday, September 12, 2011

တရံတခါ သောက်တာ အပြစ်ရှိလား

အမေး။ ။ အရှင်ဘုရား ယောင်္ကျားလေး တစ်ယောက်အနေနဲ့ တစ်ခါတစ်လေ သောက်တာစားတာ အပြစ်ရှိပါသလား၊ မေတ္တာရှေ့ထားဖြေကြားပေးတော်မူပါဘုရား။

ပိုင်မင်းဦး
Usa


အဖြေ။ ။ အရက်ကို တခါတရံသောက်တာ မိန်းခလေးမှ မဟုတ်ဘူး၊ ယောင်္ကျားလေးလည်း အပြစ်ရှိပါတယ်။ ဘာ့ကြောင့်ဆိုရင် ဘ၀အရည်အသွေးလို့ဆိုရတဲ့ ကိုယ်ကျင့်တရား ငါးပါးသီလထဲမှာ အရက်သေစာသောက်စားတဲ့ သုရာမေရယ သိက္ခာပုဒ်ရှိပါတယ်၊ အရက်သောက်ပြီဆိုရင် ကျန်တဲ့သူတစ်ပါးအသက်သတ်တာ၊ သူဥစ္စာခိုးတာ၊ သူ့သားမယား လွန်ကျူးတာ၊ လိမ်ပြောတာဆိုတဲ့ သီလလေးပါးကို ကျူးလွန်ဖို့ ၀န်မလေးတတ်ကြပါဘူး၊

ငါးပါးသီလထဲမှာ အပြစ်အကြီးဆုံးဟာ အရက်သောက်ခြင်းပါပဲ။ တစ်ခါကစာရေးသူတို့ နေထိုင်တဲ့မြို့လေးမှာ ညဦးကာလ (၇)နာရီလောက် မြို့ထဲက စာရေးသူ ပြန်အလာ ဘီယာဆိုင်တစ်ဆိုင်ထဲက ထွက်လာကြတဲ့ လူတစ်သိုက်ကို ကြည့်လိုက်တော့ မယုံနိုင်စရာပါ၊ လူတစ်သိုက်ဟာ ဆယ်ကျော်သက် အမျိုးသမီးများ ဖြစ်နေလို့ပါပဲ။ ဆိုလိုတာက ယခုခေတ် အချို့လူငယ်များဟာ ကိုးရီးယားဇာတ်လမ်းတွဲတွေကြည့်ပြီး အတုမြင်အတတ်သင်နေကြတာပါ။ ဗုဒ္ဓဘာသာနိုင်ငံမှာ အဲလိုမဖြစ်သင့်ပါဘူး၊ မဖြစ်အောင်လဲ မိမိကိုယ်ကို ထိန်းသိမ်းကြဖို့ အထူးလိုအပ်နေပါပြီ၊

ဒါကြောင့် ဗုဒ္ဓဘာသာနိုင်ငံမှာ မွေးဖွားတဲ့ ဗုဒ္ဓဘာသာဝင်များပီပီ ဘုရားဟောအဆုံးအမကို လိုက်နာပြီး ယဉ်ကျေးတဲ့ အနာဂတ်မျိုးဆက်သစ်လူငယ်တစ်ယောက်ဖြစ်အောင် ကျင့်သုံးနေထိုင်သွားမယ်ဆိုပါက အကောင်းဆုံးဖြစ်တယ်။ လိုရင်းပြောရင် အရက်သောက်တာဟာ တရံတခါပဲသောက်သောက် အမြဲပဲသောက်သောက် အပြစ်ရှိပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

No comments:

Post a Comment