Sunday, September 25, 2011

လူများကို အမျှဝေလို့ ရပါသလား

အမေး။ ။ သက်ရှိသတ္တ၀ါတွေ (လူအပါအ၀င်)ကို အမျှဝေလို့ ရပါသလား၊ လူသတ်တဲ့သူကို အမျှဝေရင် နတ်ပြည်ရောက်သလားဘုရားဆိုတာ သိချင်ပါတယ်ဘုရား။

မို့မို့။ ဒန်ဗာမြို့၊ အမေရိကန်

အဖြေ။ ။ ထိုအမေးနဲ့ ပတ်သက်ပြီး နှစ်ပိုင်းခွဲဖြေမှရမှာပါ။ (၁)အချက်က လူ့ဘ၀က သေသွားတဲ့သူများနှင့် (၂)ယခုဘ၀ အသက်ထင်ရှားရှိတဲ့သူများ ဖြစ်ပါတယ်။ (၁)အချက်၊ လူ့ဘ၀က သေသွားတဲ့သူများဟာ တကယ်လို့ နတ်များ၊ လူများဖြစ်ကြမယ်ဆိုရင် ထိုသူတို့ကို အမျှအတန်းပေးလို့ မရနိုင်သလို သာဓုလည်း မခေါ်နိုင်ပါဘူး။ ဒုဂ္ဂတိဘုံကို ရောက်ကြမယ်ဆိုရင်တော့ အပါယ်လေးဘုံအနက် ပြိတ္တာဘုံတစ်ဘုံသာလျှင် ရနိုင်ပါတယ်။ ဒီပြိတ္တာဘုံတောင်မှ ပြိတ္တာမျိုး အများကြီးရှိတဲ့အနက် ပရဒတ္တူပ ဇီဝိတပြိတ္တာတစ်မျိုးသာလျှင် အမျှပေးဝေတဲ့အခါ အကြောင်းညီညွတ်မှ သာဓုခေါ်နိုင်တာပါ။

(၂)အချက်က လူအပါအ၀င် သတ္တ၀ါများကို အမျှဝေလို့ ရ/မရဆိုတာနဲ့ ပတ်သက်ပြီး အမျှအတန်းပေးလို့ ရပါတယ်။ ရှင်းပြပါဦးမယ်။ ဒါနဲ့စပ်ပြီး……ကုသိုလ်လုပ်နိုင်တဲ့တရား (၁၀)မျိုး ရှိတယ်လို့ ဘုရားရှင် ဟောတော်မူထားပါတယ်။ အဲဒါကို မြန်မာလိုပဲ ပြောရအောင်ပါ။ (၁) ပေးကမ်းစွန့်ကြဲလှူဒါန်းမှု-ဒါနတရား။ (၂) ကိုယ်ကျင့်တရားဆိုတဲ့သီလ။ (၃) အားထုတ်မှုဆိုတဲ့ သမထ၀ိပဿနာဘ၀နာ။ (၄)ကြီးသူအား ငယ်သူက ရိုသေမှုဂါရ၀တရားထားတာ။ (၅) ရတနာသုံးပါးနဲ့စပ်တဲ့ ဝေယျဝေစ္စလုပ်အားပေး ကုသိုလ်၊ လောကနဲ့ပတ်သက်တဲ့ ဝေယျာဝေစ္စလုပ်အားပေးကုသိုလ်။ (၆) မိမိကုသိုလ်ကို လူစတဲ့ သုခိတ၊ ဒုက္ခိတသတ္တ၀ါများအား အမျှအတန်းပေးတာ။ (၇) ပေးတဲ့အမျှအတန်းကို သာဓုခေါ်ရတဲ့ ကုသိုလ်။(၈) တရားနာတာ ။ (၉) တရားဟောတာ ။ (၁၀) အယူကို ဖြောင့်မှန်စွာ ယူတာတို့ဖြစ်တယ်။

ဒီ(၁၀)မျိုးကို ပုညကြိယာဝတ္ထုဆယ်မျိုးလို့ခေါ်ပါတယ်။ ဒီဆယ်ပါးအနက် (၆)ခုမြောက်ဖြစ်တဲ့ ပတ္တိဒါနကုသိုလ်အရ လူများကိုလည်း အမျှအတန်းပေးဝေလို့ရပါတယ်။ နောက်တစ်ခုက လူတစ်ယောက်ဟာ လူသတ်တဲ့အတွက် အကုသိုလ်ကံက အမာရွတ်လို ထင်ကျန်နေမှာဖြစ်ပြီး၊ အမျှအတန်းပေးဝေလို့ ၀မ်းသာစွာသာဓုခေါ်ရင် ကုသိုလ်ကံက အမာရွတ်လို ထင်ကျန်ခဲ့မှာပါ။ ဒီကံနှစ်မျိုးအနက် အားကြီးတဲ့ကံက အကျိုးပေးသွားမှာပါ။ ပိုရှင်းသွားအောင် နောင်ဘ၀ အကျိုးပေးမယ့် ကံလေးမျိုးရှိပါတယ်။ ၁။ ဂရုကံ။ ၂။ အာသန္နကံ။ ၃။ အာစိဏ္ဏကံ။ ၄။ ကဋတ္တာကံတို့ ဖြစ်ကြတယ်။

(၁) ကောင်းတဲ့ဂရုကံဆိုတာ မဂ်ဖိုလ်ကိုပြောတာပါ။ လူတစ်ယောက်ဟာ အနည်းဆုံး သောတာပတ္တိမဂ်ဖိုလ်ရထားတယ်ဆိုရင် သူ့အတွက် သောတာပတ္တိမဂ်ဖိုလ်ဟာ ဂရုကံပဲ၊ အဲဒီဂရုကံက သေရင်သူ့ကို အပါယ်မကျအောင် အကျိုးပေးမှာပါ။ မကောင်းတဲ့ ဂရုကံဆိုတာက ပဉ္စာနန္တရိယကံကို ဆိုလိုတာပါ။ ဒီကံငါးပါးအနက် တစ်ခုခုထိုက်ထားတယ်ဆိုရင်တော့ ဒီအကုသိုလ်ကံက နောင်ဘ၀မှာ အကျိုးပေးဖို့ သေချာသွားပါပြီ။

(၂)အာသန္နကံဆိုတာ သေခါနီးဖြစ်ပေါ်လာတဲ့ကံပါ။ လူတစ်ယောက်ဟာ အသက်ရှင်စဉ်မှာ ကံငါးပါးကလွဲပြီး တခြားအကုသိုလ်တွေ ပြုလုပ်မိထားတယ်ဆိုပါစို့။ ဒီလူဟာ သေခါနီးမှာ သူတော်ကောင်းများက ကုသိုလ်ရနိုင်တဲ့ အာရုံများကို ပြုလုပ်ပေးကြတဲ့အတွက် ကုသိုလ်အာရုံဖြစ်လာမယ်၊ ဒီသေခါနီးဖြစ်လာတဲ့ကံဟာ ထိုသူ့အတွက် သေပြီး နောက်ဘ၀မှာ အကျိုးပေးမှာပါ။

(၃)အာစိဏ္ဏကံဆိုတာ အမြဲတမ်း အလေ့အကျင့်ဖြစ်နေတဲ့ကံပါ။ ဒါလည်း ကောင်းကံနှင့်မကောင်းကံ ရှိပါတယ်။ ကောင်းတဲ့ကံများနှင့် မကောင်းတဲ့ကံများအနက် ကံတစ်မျိုးမျိုးကို နေ့စဉ်ဖြစ်စေ လစဉ်ဖြစ်စေ အလေ့အကျင့်များစွာ ပြုထားမယ်ဆိုရင် ထိုကံက နောက်ဘ၀အကျိုးပေးပါလိမ့်မယ်။

(၄)ကဋတ္တာကကံဆိုတာက ပြုကာမတ္တကံဖြစ်ပါတယ်။ အသက်ရှင်စဉ် အမှတ်တမဲ့ သတိမထားမိဘဲ ပြုမိတဲ့ကံပါ။ အဲဒီကံကလည်း ကောင်းတာနဲ့မကောင်းတာ နှစ်မျိုးပေါ့။ အထက်ပါကံသုံးမျိုးက အကျိုးပေးခွင့်မကြုံဘူးဆိုရင် ပြုကာမတ္တဖြစ်တဲ့ကံက အကျိုးပေးမှာပါ။ ဖေါ်ပြခဲ့တဲ့ ကံလေးမျိုးမှ တစ်မျိုးမျိုးဖြင့် နောင်ဘ၀အကျိုးပေးမယ်ဆိုတာ အဖြေပေးလိုက်ပါတယ်။

ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

2 comments:

  1. ဦးဇင်းဘုရား … တပည့်တော်မလျှောက်ထား မေးမြန်းချင်တာ ကြီးသူအား ငယ်သူက ရိုသေမှုဂါရ၀တရားထားရမယ်လို. မြတ်စွာဘုရားဟောကြားခဲ့သလို၊ လူကြီးသူမများလဲ ဆုံးမခဲ့ပါတယ်။ သို.သော် ထိုကြီးသူ က မိမိထက် ကုသိုလ်သီလ မမြဲသူ၊ အရက်သေစာသောက်စား၊ လိမ်လည်စကားအမြဲလိုလို ဆိုသူ ဖြစ်ပြီး ထိုသူကို အရိုအသေမပေးမိ မလေးစားမိပါက မိမိတွင် အကုသိုလ်ဖြစ်ပါသလား။ နောက် မြန်မာထုံးတမ်းစဉ်လာအရ သီတင်းကျွတ် တွေမှာ လူကြီးသူမများကို လိုက်ကန်တော့တာပါဘုရား။ ထို ကန်တော့ခံနေသူများဟာ အထက်လူကြီးလိုပဲ ကုသိုလ်သီလမမြဲသူ၊ အရက်သေစာသောက်စား၊ လိမ်လည်စကားအမြဲလိုလို ဆိုသူ ဖြစ်ပြီး ထိုသူကို ကန်တော့ရင်ကော မိမိအတွက် ကုသိုလ်တွေရရှိနိုင်ပါသလား ဘုရား။

    ReplyDelete
  2. ဟုတ် အဲဒီအမေးအတွက် ဦးဇင်း ခုတစ်ပါတ်မှာထွက်လာမဲ့ ဂျာနယ်တစ်ခုမှာ ဆောင်းပါးထည့်ထားတာ ရှိပါတယ်။ အဲဒီဂျာနယ်ကို ဆိုဒ်ပေါ်တင်မှ ဒကာမအပြည့်စုံ ဖတ်ကြည့်လိုက်ပါ။ အဲဒါဆို ဒကာမ ရှင်းသွားပါလိမ့်မယ်။

    ReplyDelete